မြစ်ကြီးနား ဧပြီ ၃
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေကြီးမြှင့်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး ကျောက်စီရေထိန်းနံရံ၊ ရေတံခါးများနှင့် ဧရာဝတီမြစ်ကြောင်း ရှင်းလင်းရေးလုပ်ငန်း စီမံကိန်းများအား ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧပြီ ၃ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့ပေါ်ရှိ မြစ်ရေကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာ ဝန်ရှိသူများသည် မြစ်ကြီးနားမြို့ ကမ်းနားလမ်းတစ်လျှောက် စည်ပင်သာယာဆိပ်ကမ်းမှ We Love Myitkyina ဆိုင်းဘုတ်အထိ မြစ်ရေမြင့်တက်မှု ၁၄၅၀ စင်တီမီတာ အမြင့်ထိ ကာကွယ်ထားနိုင်သည့် ရှိပြီးသားကျောက်စီရေထိန်းနံရံပေါ်တွင် ရေလျှံတားနံရံ (အုတ်ရိုးစီကာခြင်း)လုပ်ငန်း အပိုင်း(၁) အဖြစ် အရှည်ပေ အလျား ၁၂၉၅ ပေ တည်ဆောက်လျက်ရှိသည့် အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် လုပ်ငန်းစီမံကိန်း ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက လုပ်ငန်းစီမံကိန်း အပိုင်း (၁)အတွက် (၇၀) ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ကမ်းနားလမ်းတစ်လျှောက် ဆောင်ရွက်ရန်လျာထားသည့် အလျားပေ (၅၉၀၀) ပြည့်မီစွာဆောင်ရွက်နိုင်ရေးအတွက် ထပ်မံတည်ဆောက်သွားမည့် လုပ်ငန်းစီမံကိန်းအပိုင်း(၂)နှင့် အပိုင်း (၃) အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က အများပြည်သူထည့်ဝင်ငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းဖြစ်သည့် အတွက် မိုးမကျမီ သတ်မှတ်စံချိန်စံညွှန်း/ အရည်အသွေးပြည့်မီစွာ ပြီးစီးအောင်ဆောင်ရွက်ရေး မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီမြစ်ကြောင်း ရှင်းလင်းရေးစီမံကိန်းလုပ်ငန်းတစ်ခုဖြစ်သည့် ဗလမင်းထင်တံတားအောက် ဖြစ်ပေါ်လျက်ရှိသည့် သဲသောင်ခုံအား မြစ်ရေကြောင်း ဖြောင့်တန်းစွာစီးဆင်းနိုင်ရေး သဲသောင်ရှင်းလင်းရေးလုပ်ငန်းအတွက် မူလလျာထားသည့် အလျား ၆၀၀၀ ပေ၊ အကျယ် ၂၄၀၊ အနက် ရေစစ်မျဉ်း အောက် ၂ မီတာ တူးဖော်ဆောင်ရွက်သွားရမည့် အစီအစဉ်အား မြစ်ရေအတက်/အကျ ဖြစ်ပေါ်မှုအခြေအနေအရ အလျား ၅၀၀၀ ပေ၊ အကျယ် ၁၆၅ ပေနှင့် အနက် ရေစစ်မျဉ်းအောက် ၂ မီတာတူးဖော်ရှင်းလင်းနိုင်ရေး ဒေသတွင်း သဲကျောက်လုပ်ငန်းရှင်များမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းဧရိယာအတွင်း ဘတ်ဟိုး ယာဉ်ကြီးများ၊ သဲကျောက်တင်ကားကြီးများဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိုးမကျမီ၊ မြစ်ရေမြင့်တက်လာခြင်းမရှိသေးမီ လုပ်ငန်းများအရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ခါကာဘိုရာဇီခန်းမ၌ ဖွင့်လှစ်ထားသော ကချင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ရုံး၌ မြန်မာနိုင်ငံအတွင်းရှိ အင်အားအလွန်ပြင်းထန် သော ငလျင်ဘေးဒဏ်ကို ထိခိုက်ခံစားခဲ့ရသော ဒေသများမှ ပြည်သူများအတွက် အလှူငွေပေးအပ် လှူဒါန်းပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုလို ငလျင်ဘေးဒဏ်ခံစားနေရသော မိမိတို့ ညီအကိုမောင်နှမများအတွက် တတ်နိုင်သလောက် လာရောက်လှူဒါန်းမှုကို ကချင်ပြည်နယ်သူ/ ပြည်နယ်သားများကိုယ်စား အထူးပင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားပြီး အလှူရှင် ဦးတင်အောင်နှင့် ဒေါ်နန်းညွှန်စိန်မိသားစုမှ လှူုဒါန်းသည့် အလှူငွေကျပ်သိန်း ၁၀၀ နှင့် ရွှေစွန်သိုက်သတ္တု တူးဖော်ရေးကုမ္ပဏီမှ လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၁၀၀ လှူဒါန်းမှုအား လက်ခံရယူခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ မွန်းလွဲပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ရိုးရာယဥ်ကျေးမှု နှင့်အညီ အေးချမ်းသာယာသော သင်္ကြန်ပွဲတော်အဖြစ်သာ ကျင်းပနိုင်ရေးနှင့် မြန်မာနှစ်သစ်ကူးအခါ သမယကုသိုလ်ကောင်းမှုပြုသည့် အခမ်းအနားများ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြပြီး တည်ဆောက်လျက်ရှိသည့် ဗဟိုမဏ္ဍပ်အား ဖျက်သိမ်း၍ ဆယ်တင်ပစ္စည်းများ လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်နိုင်ရေး၊ နှစ်ဆန်း(၁)ရက်နေ့ အခမ်းအနားများကိုလည်း မြန်မာ့ဓလေ့ထုံးစံနှင့်အညီ အကျဉ်းချုံးဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က သင်္ကြန်ပွဲတော် ကုန်ကျစရိတ်အတွက် လျာထားသည့်ငွေများအား ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် လှူဒါန်းနိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း ကျင်းပလျက်ရှိသော မြန်မာနှစ်သစ်အကြို MSME ပြပွဲနှင့် ဈေးရောင်းပွဲတော်သို့ သွားရောက်ပြီး ပွဲတော်အတွင်း ပြသရောင်းချလျက်ရှိသော ဒေသထွက် MSME ထုတ်ကုန်ပစ္စည်းများ ရောင်းချနိုင်မှုအခြေအနေများကို မေးမြန်းအားပေးခဲ့ကြပြီး ဒေသထွက်စိုက်ပျိုးရေးထွက်ကုန် ဟင်းသီးဟင်းရွက်များအား ပညာရေး၊ ကျန်းမာရေးဌာန ဝန်ထမ်းများ အတွက် ဝယ်ယူပေးအပ်ခဲ့ကာ ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။






