ကချင်ပြည်နယ်ဝန်ကြီးချုပ် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဒေသထွက်ကုန်လုပ်ငန်းရှင်များအား ဆုများချီးမြှင့်ပေးအပ်၊ အင်ဂျန်းခချောင်း ရေထိန်းတံခါးတည်ဆောက်ရေးစီမံကိန်း ရှင်းလင်းပွဲသို့ တက်ရောက်

မြစ်ကြီးနား ဧပြီ ၄

ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်း (၃) ရက်ကြာ ကျင်းပပြုလုပ်ခဲ့သော MSME ထုတ်ကုန် ပြပွဲ/ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲ ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၄ ရက် ညနေ ၆ နာရီက အဆိုပါ ပွဲတော်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများ တက်ရောက် အားပေးချီးမြှင့်ခဲ့ကြသည်။

ရှေးဦးစွာ ဆုချီးမြှင့်ရေးဆပ်ကော်မတီအဖွဲ့ဝင် မြစ်ကြီးနားတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဇင်မာလတ်က ဒေသတွင်း ထွက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်လျက်ရှိသော MSME ကုန်ထုတ်လုပ်ငန်းများအတွက် ဆုများချီးမြှင့်အပ်နှင်းနိုင်ရေး သတ်မှတ်ချက်ချက်နှင့်အညီ စိစစ်ရွေးချယ်ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဆုများကို ပေးအပ်ချီးမြှင့်ရာ ဧပြီ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ပြသရောင်းချရာတွင် ပါဝင်ခဲ့ကြသော စိုက်ပျိုးရေးထွက်ကုန်၊ မွေးမြူရေးထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်နှင့် အဝတ်အထည်များ၊ ပယင်း၊ ကျောက်မျက်နှင့် ကျောက်စိမ်းလက်ဝတ်ရတနာများစသည့် ထွက်ကုန်အမျိုးအစားများအလိုက် MSME လုပ်ငန်းရှင်များအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က နှစ်သိမ့်ဆုရရှိသည့် လုပ်ငန်းရှင် (၁၁)ဦး၊ တတိယဆုရရှိသည့် လုပ်ငန်းရှင် (၅)ဦး၊ ဒုတိယဆုရရှိသည့် လုပ်ငန်းရှင် (၅)ဦးတို့အား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိသည့် ထုတ်ကုန်အမျိုးအစားအလိုက် လုပ်ငန်းရှင် (၅)တို့အား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပွဲတော်ကာလအတွင်း ထုတ်ကုန်ပစ္စည်းများကို ပါဝင်ပြသရောင်းချခဲ့သော လုပ်ငန်းရှင်များက မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဘေးဒဏ်သင့်ခဲ့ရသော ပြည်သူများအတွက် စုပေါင်း၍ အလှူငွေကျပ် ၃၅ သိန်းကျော်အား လှူဒါန်းပေးအပ်ရာ ပြည်နယ် MSME အေဂျင်စီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက လက်ခံရယူခဲ့ပြီး ဆုရရှိသည့်လုပ်ငန်းရှင်များနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံကို ရိုက်ကူးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တကွ ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပွဲတော်အတွင်း ခင်းကျင်းပြသရောင်းချပေးလျက်ရှိသော ဒေသထွက်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့အတူ မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့နယ် ရွှေစက်ရပ်ကွက်အတွင်းရှိ ခရစ်တော်၏အသင်းတော်ဘုရားကျောင်း၌ အဆိုပါ ကျောင်းဝင်းအတွင်း အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာလာခဲ့ကြသော အိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာစကားပြောကြားကာ အိမ်ထောင်စုများအတွက် ဆန်အိတ်များ၊ အခြေခံစားသောက်ကုန်များ၊ Family Kit ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် မိုးမကျမီ လုံခြုံစွာနေထိုင်နိုင်ရေး မိုးကာအလိပ် ၂၀ တို့အား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် စီတာပူရပ်ကွက်၊ မနောကွင်းအတွင်းရှိ MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အတွင်း ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ၍ ပြည်နယ်ရုံးများတွင် တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော ခရိုင်၊ မြို့နယ်များမှ ဝန်ထမ်းများအား ပွဲတော်အတွင်း စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်၍ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ ပြသရောင်းချလျက်ရှိသောပြခန်းမှ ဟင်းသီးဟင်းရွက်များကို ဝယ်ယူထောက်ပံ့ပေးအပ်ခဲ့သည်။

ထို‌မှတစ်ဆင့် အဆိုပါ မနောကွင်းအရှေ့ဘက်ရှိ ဧရာဝတီရှုခင်းသာအပန်းဖြေစခန်းအနီးရှိ ဧရာဝတီမြစ်အတွင်း စီးဝင်လျက်ရှိသည့် အင်ဂျန်းခချောင်းဝ၌ မြို့မြစ်ရေကြီးမြင့်မှုအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေထိန်းတံခါးတည်ဆောက်ရေး စီမံကိန်းနေရာသို့ သွားရောက်ပြီး ယာယီရှင်းလင်းဆောင်အတွင်း ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မြို့မြစ်ရေကြီးမြှင့်မှုမှ ကာကွယ်နိုင်ရေးအတွက် အမြင့် ၁၂ ပေ၊ အကျယ် ၈ ပေရှိ ရေထိန်း တံခါးတည်ဆောက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ အင်ဂျန်းခချောင်း၌ တည်ဆောက်သွားမည့် ရေတံခါးအတွက် ကြိုတင်တိုင်းထွာစစ်ဆေးဆောင်ရွက်ထားရှိမှုနှင့် ရေတံခါးတည်ဆောက်သွားမည့် အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မိုးမကျမီ ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို စောလျင်စွာ ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။