မြစ်ကြီးနား ဧပြီ ၁၄
မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ၁၃၈၆ ခုနှစ်၊ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို အေးချမ်းသောသင်္ကြန်ပွဲတော်အဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းမိသားစုများနှင့်အတူ မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ဧပြီ ၁၄ ရက် (မြန်မာ့ရိုးရာသင်္ကြန်အကျနေ့) နံနက် ၉ နာရီက မဟာသင်္ကြန်အား ကြိုဆိုသောအားဖြင့် ရိုးရာယဉ်ကျေးမှုကို ထုတ်ဖော်ပြီး အေးချမ်းစွာကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ မဟာသင်္ကြန်ပွဲတော်သို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အတာရေသဘင်ပွဲတော်ကို နှစ်ဟောင်းမှ အညစ်အကြေးမှန်သမျှနှင့်အတူ ကိုယ်ရောစိတ်ပါ သန့်ရှင်းစင်ကြယ်စေရန် တစ်ဦးနှင့်တစ်ဦးမေတ္တာဖြင့် အပြန်အလှန်ရေစင်ပက်ဖျန်းကြသည့် ပွဲတော်ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနှစ်သစ်ကူးအခါသမယတွင်လည်း ဘုရား၊ ရုပ်ပွားတော်များကို ရေစင်သွန်းခြင်း၊ သက်ကြီးဘိုးဘွားများကို ရေချိုးသန့်စင်ပေးခြင်း၊ ဇီဝိတဒါန၊ အလှူဒါန၊ ကုသိုလ်ကောင်းမှုများပြုလုပ်၍ ကြိုဆိုကြသည့် အလေ့အထကောင်းများဖြင့် မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာနှင့်အညီ ယနေ့ကာလထိတိုင် နှစ်စဉ်ကျင်းပခြင်းပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနှစ်သစ်ကူးအခါသမယမှစတင်ပြီးနောင်လာမည့် ကာလတစ်လျှောက်လုံး နှစ်သစ်ကူးအတာရေအေးသကဲ့သို့ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်းဖြင့် ဆုတောင်းမေတ္တာပို့သပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သင်္ကြန်ပွဲတော် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းမိသားစုများအား ရိုးရာအစဉ်အလာနှင့်အညီ အတာရေအေးကို အောင်သပြေခက်ဖြင့် ဆုမွန်ကောင်းတောင်း၍ ပက်ဖျန်းပေးခဲ့ကြပြီး တက်ရောက်လာသူများအား စတုဒီသာမဏ္ဍပ်၌ မြန်မာ့ရိုးရာ မုန့်လက်ဆောင်၊ မုန့်လုံးရေပေါ်တို့ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြကာ အတာရေသဘင်ပွဲတော်၊ ရေကစားမဏ္ဍပ်၌ မြန်မာတို့၏ သနပ်ခါးအား ယူနက်စကို၏ လူသားမျိုးနွယ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုသောအားဖြင့် တစ်ဦးကိုတစ်ဦး သနပ်ခါးလိမ်းခြယ်ပေးခြင်းတို့ကို ချစ်ခင်ရင်းနှီးစွာ ဆောင်ရွက်ပေးခဲ့ကြပြီး ဝန်ထမ်းမိသားစုများအား အတာရေပက်ဖျန်းပေးခြင်းကို ရိုးရာအစဉ်အလာနှင့်အညီ အေးချမ်းစွာ ကြိုဆိုကျင်းပပြုလုပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း မန္တလေး- လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်ရှိ ဧရာဝတီမြစ်အရှေ့ဘက်ရှိ ဝိုင်းမော်နှင့် အနောက်ဘက်ရှိ မြစ်ကြီးနားမြို့အား ဆက်သွယ်ထားသည့် ဗလမင်းထင်တံတားဟောင်း ရေလယ်တိုင်များ မြစ်ရေတိုက်စားမှုကာကွယ်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အမှတ် (၂) တံတားသစ်ရေလယ်တိုင်များ တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေးအတွက် ပြည်ထောင်စုဘဏ္ဍာ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေများနှင့် မြို့နေပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ကျောက်စီရေထိန်းနံရံ၊ ရေထိန်းတံခါးများနှင့် ရေလျှံတား အုတ်စီနံရံများအပြင်ရေကြောင်းဖွံ့ဖြိုးရေးအတွက် ဧရာဝတီမြစ်ကြောင်း ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ အဆိုပါ ဗလမင်းထင်တံတား အောက်ဘက်၌ ၂၀၂၄ ခုနှစ် ဧရာဝတီမြစ်ရေ စံချိန်တင်ကြီးမြင့်ခဲ့မှုကြောင့် မူလရှိသည့် ပဏမထက် ပိုမိုကြီးမားကျယ်ပြန့်စွာ ဖြစ်ထွန်းလာခဲ့သည့် သဲသောင်ခုံအား ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် မြစ်ရေအတက်/အကျဖြစ်ပေါ်မှု အခြေ အနေအရ မူလလျာထားသည့် အလျား ၆၀၀၀ ပေအစား အလျား ၅၀၀၀ ပေ၊ အကျယ် ၂၄၀ ပေအစား ၁၆၅ ပေနှင့် အနက် ရေစစ်မျဉ်းအောက် ၂ မီတာအထိ စက်ယန္တရားကြီးများဖြင့် တူးဖော်ရှင်းလင်းနေမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြစ်ရေမြင့်တက်လာခြင်းမရှိမီ အချိန်မီတူးဖော်ရှင်းလင်းနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ၂၀၂၄ ခုနှစ် မြစ်ရေစံချိန်တင်ကြီး မြင့်မှုကြောင့် မြစ်ကမ်းပါးတိုက်စားခံခဲ့ရသည့် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ ဟိုးလော်ကျေးရွာနှင့် လဝမ်ကထောင်ကျေးရွာများအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ ၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ပြည်နယ်ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက အဆိုပါကျေးရွာများ၏ မြစ်ကမ်းပါးတစ် လျှောက် ဆောင်ရွက်လျက်ရှိသည့် ကမ်းပါးပြိုကာကွယ်ရေးအခြေခံထိန်း Geo Bag ချခြင်းနှင့် ကျောက်စီမြေထိန်းနံရံ အလျား ၃၀၀၀ ပေ ဆောင် ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။







