ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ စတုတ္ထအကြိမ် ပြည်နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍  မြစ်ကြီးနားမြို့ဝင် ရွှေဘို-မြစ်ကြီးနားလမ်းမကြီး ဘေးဝဲ/ယာတွင် ပျိုးပင်ပေါင်း ၅၀၀ ကျော်အား စုပေါင်း စိုက်ပျိုးပေး၊ အကြိမ်(၃၀)နှင့်အထက် စေတနာ့သွေးလှူရှင်များအား ဂုဏ်ပြုချီးမြှင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား          ဇွန် ၁၄

          ရာသီဥတုပြောင်းလဲမှုနှင့် အပူဒဏ်ကာကွယ်နိုင်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးတို့ကိုရည်ရွယ်၍ ကချင်ပြည်နယ်လမ်းဦးစီးဌာနကကြီးမှူး၍ ‌မြစ်ကြီးနားမြို့အဝင် ရွှေဘို-မြစ်ကြီးနားလမ်း ကီလိုမီတာ (472.50 မှ 473.00) ၂၀၂၅ ခုနှစ် စတုတ္ထအကြိမ် ပြည်နယ်အဆင့်မိုးရာသီသစ်သင်စိုက်ပျိုးပွဲတော်ကို ဇွန် ၁၆ ရက် နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ပြည်နယ်ဥပဒေချုပ်တို့ တက်ရောက်ခဲ့ကြပြီး လမ်းဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာန ဝန်ထမ်းများနှင့်အတူ လမ်းဘေးဝဲ/ယာရှိ သတ်မှတ်နေရာအသီးသီး၌ အမြင့် (၂)ပေနှင့်အထက် (၂)နှစ်သားအရွယ် ပျဉ်းကတိုးပင်၊ သစ်အယ် စသည့် အရိပ်ရအပင်ကြီးမျိုးများဖြစ်သည့် (၅၀၀)ပင်ကို လမ်းဘေး ဝဲ/ယာတစ်လျှောက် အတန်းလိုက် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား၌ တက်ရောက်စိုက်ပျိုးပေးမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံကို ရိုက်ကူးခဲ့ကြသည်။

ထို့နောက် မြစ်ကြီးနားမြို့ မိုလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် သွေးဖောင်ဒေးရှင်း (ကချင်ပြည်နယ်)က ကြီးမှူးကျင်းပသော အကြိမ် (၃၀)နှင့်အထက် စေတနာသွေးလှူရှင်များအား ဂုဏ်ပြုချီးမြှင်ပွဲ အခမ်း အနားသို့ တက်ရောက်သည်။

အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ်တွင်ကျရောက်သည့် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်း အမှတ်အခမ်းအနားအား သွေးဖောင်ဒေးရှင်း(ကချင်ပြည်နယ်)က စီစဉ်ကျင်းပပြုလုပ်ရန် လမ်းညွှန်ပံ့ပိုးဆောင်ရွက်စေခဲ့ပြီး ဂုဏ်ပြုထိုက်သူများဖြစ်သည့် အကြိမ်(၃၀)နှင့်အထက် စေတနာသွေးလှူရှင်များအား ဂုဏ်ပြုပေးခြင်းပင်ဖြစ်ပါကြောင်း၊ စေတနာသွေးလှူရှင် များ၏ ကိုယ်ကျိုးမဖက်သော ဇီဝိတဒါနလှူဒါန်းမှုကို ကျေးဇူးတင်အသိအမှတ်ပြုသည့်အနေဖြင့် အခမ်းအနားဖြင့် ဂုဏ်ပြုပေးပါသော သွေးဖောင်ဒေးရှင်းနှင့် ဂုဏ်ပြုခံသွေးလှူရှင်များအား အထူးလေးစားပါကြောင်း ဂုဏ်ပြုပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အလှူငွေကျပ်သိန်း (၂၁၀) ကို ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးတွမ်ပီချင်းထံ ပေးအပ်လှူဒါန်းရာ ဖောင်ဒေးရှင်းဥက္ကဋ္ဌက ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ပြီး ဖောင်ဒေးရှင်းဥက္ကဋ္ဌက သွေးဖောင်ဒေးရှင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် သွေးလှူရှင်များအား ဂုဏ်ပြုချီးမြှင့်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။

ဖောင်ဒေးရှင်းဥက္ကဋ္ဌက ဂါဝရပြုပေးအပ်သော အထိမ်းအမှတ်ဂုဏ်ပြုလက်ဆောင်အား ပြည်နယ်ဝန်ကြီးချုပ်ကလက်ခံရယူခဲ့ပြီး အလှူရှင်များက သွေးဖောင်ဒေးရှင်း(ကချင်ပြည်နယ်)၏ ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းမှုအပေါ် ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဝာာဝန်ရှိသူများက အကြိမ် (၃၀)နှင့်အထက် စေတနာ့သွေးလှူရှင် ရဟန်း၊ သံဃာများနှင့် လူပုဂ္ဂိုလ် စုစုပေါင်း (၁၀၅) ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုလက်ဆောင်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီးတို့နှင့်အတူ ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းရှိ မနောအိမ်တော်၌ မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း(WHG) ဥက္ကဋ္ဌ၊နှင့် တာဝန်ရှိသူများ၊ မျိုးနွယ်စု(၆)စုမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံပြီး ကချင်အမျိုးသားဘက်စုံ အားကစားဥယျာဉ် ခြံဝင်းကာရံနိုင်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် မြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ‌ရေထိန်းတမံ၊ ရေကာတာတည်ဆောက်နိုင်ရေးတို့အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် WHG ဥက္ကဋ္ဌက အသင်း၏ မြေယာပိုင်ဆိုင်မှုရရှိခဲ့သည့် အခြေအနေများနှင့် အမျိုးသားဘက်စုံအားကစားဥယျာဉ်ခြံဝင်းကာရံနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သမိုင်းအစဉ်အလာရှိပြီး ကချင်တိုင်းရင်းသားမျိုးနွယ်စုများ၏ ယဉ်ကျေးမှုအမွေအနှစ် နေရာတစ်ခုဖြစ်သည့်အပြင် အထင်ကရနေရာတစ်ခုဖြစ်သည့် မနောကွင်းအား လက်ဆင့်ကမ်းထိန်းသိမ်းရန် မဖြစ်မနေဆောင်ရွက်ရမည့်ကိစ္စတစ်ခုဖြစ်ပြီး မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် မိမိတို့အစိုးရအဖွဲ့က ဆောင်ရွက်လျက်ရှိသော တက္ကသိုလ်ဝင်စာမေးပွဲ တည်ငြိမ်အေးချမ်းစွာ ကျင်းပပြုလုပ်နိုင်ရေး၊ မြစ်ကြောင်းထိန်းသိမ်းရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းစဉ်များတွင်လည်း တိုင်းရင်းသားများအားလုံးက တစ်ညီတစ်ညွတ်တည်း ပါဝင်ကြရန်လိုအပ်ပါ ကြောင်းတိုက်တွန်းမှာကြားသည်။

ထို့နောက် အမျိုးသားဘက်စုံအားကစားဥယျာဉ် ခြံဝင်ကာရံနိုင်ရေးအတွက် ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးလမိုင်ဂွမ်ဂျာနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင်များက ခြံစည်းရိုးကာရံမည့် အသေးစိတ်အစီအစဉ်များနှင့် လိုအပ်ချက်များကို၊ ဖြည့်စွက်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ အစိုးရအဖွဲ့၏ လုပ်ငန်းစဉ်များတွင် ဝိုင်းဝန်းပူးပေါင်းပါဝင်ရမည့် ကိစ္စရပ်များကို အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ခြံစည်းရိုးကာရံသွားမည့် လုပ်ငန်းအစီအစဉ်များနှင့် လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။