မြစ်ကြီးနား မေ ၂
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းအောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နံနက် (၇)နာရီကလည်း ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း မိုးစပါးစိုက်ပျိုးမှုကို ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူအသိပညာပေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ကွင်းအတွင်းရှိ တောင်သူများနှင့်တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် ဆန်ဖူလုံမှုမှာ ယခုနှစ် မှာဆိုလျှင် (၁၄၂.၆၇)ရာခိုင်နှုန်းထိ ဖူလုံမှုရှိပြီဖြစ်သော်လည်း စားဆီဖူလုံရေးအတွက် သီးထပ်စိုက် စွမ်းအားတိုးတက်မြင့်မားရေးကို (၅)နှစ်စီမံကိန်းရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လယ်သီးထပ် ဆီထွက်သီးနှံတိုးမြှင့်စိုက်ပျိုးနိုင်ရေး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယခုလို ကြိုးစားဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း တိုက်တွန်းပြောကြားပြီး တောင်သူများ၏ မိုးစပါးနှင့်သီးထပ်စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေရရှိရေးအတွက် အင်ဂျန်းချောင်းရှင်းလင်းတူးဖော်ပေးရေး၊ လယ်ရေဝပ် ဧရိယာများကူညီဆောင်ရွက်ပေးရေးနှင့် လိုအပ်ချက်များတင်ပြမှုအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကာ တောင်သူများအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့အိတ်များကို ထောက်ပံ့ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တောင်သူ ဦးဟောင်းခေါင်၏ လယ်အတွင်း စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက တောင်သူအသိပညာပေး သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့များ စုပေါင်းကြဲပက် သရုပ်ပြခြင်းကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် မြစ်ကြောင်း ရှင်းလင်းရေးဆောင်ရွက်လျက်ရှိသည့် ဗလမင်းထင်တံတားအောက်ဘက် သဲသောင် ပြင်အား တူးဖော်ရှင်းလင်းရေး လုပ်ငန်းခွင်သို့ သွားရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က သဲသောင်တူးဖော်လျက်ရှိသည့် သဲကျောက်တူးဖော်ရေး လုပ်ငန်းရှင်များနှင့် ကုမ္ပဏီတာဝန်ရှိသူများအား မြစ်ရေမြင့်တက်လာမှုကြောင့် ခေတ္တရပ်ဆိုင်းခဲ့သည့် လုပ်ငန်းများအား ယခုမြစ်ရေကျချိန်တွင် သတ်မှတ်ပေးထားသည့် လုပ်ကွက်ဧရိယာအတိုင်း အမြန်ဆုံးတူးဖော်ရှင်းလင်းပြီးစီးရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ ဇီးအွန်ရပ်ကွက်အတွင်းရှိ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၌ International Karate Organization Myanmar နှင့် Zet Ningja(ဇက်နင်ဂျာ) Kyojushin Karate Club ၏ ဒုတိယအကြိမ်မြောက် မိသားစုပြိုင်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားဖြင့် ပြည်နယ်အတွက် တန်ဖိုးရှိသည့် လူငယ်များ ပေါ်ထွက်လာစေရေးအတွက် ဦးတည်ဆောင်ရွက်ပေးနေခြင်းဖြစ်သည့်အတွက် အားလုံးပါဝင်ပြီး ပျော်ရွှင်ကျန်းမာသန်စွမ်းသော လူငယ်များဖြင့် အောင်မြင်သော အနာဂတ်ကို တည်ဆောက်ကြရန် လိုအပ်ပါကြောင်း ပြောကြားပြီး ပြိုင်ပွဲအတွက် မတည်ငွေကျပ် (၁၀)သိန်းကို ပံ့ပိုးပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မလိခခန်းမ၌ ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် ကချင်ပြည်နယ်မှ တတိယအကြိမ် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားကာ ဘဏ္ဍာငွေရှာဖွေရေးနှင့် ထိန်းသိမ်းရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ငလျင်ဘေးဒဏ်သင့် ဒေသများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ လွှဲပြောင်းပေးအပ်နိုင်ရေး တတိယအကြိမ်အဖြစ် အလှူငွေကျပ်သိန်း (၅၀၀၀)ကို လွှဲပြောင်းပေးအပ်မှုကို လက်ခံရယူခဲ့သည်။
ထို့နောက် အဆိုပါခန်းမ၌ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ စားရေရိက္ခာဖူလုံရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာစေရေး ရည်မှန်းချက်ထား ဆောင်ရွက်ရာတွင် မိမိတို့အားလုံးက တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဝိုင်းဝန်း ပေါင်းစပ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီး လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်မှုများကို ညှိနှိုင်းပေါင်းစပ်ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။







