မြစ်ကြီးနား မေ ၂
မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ဆုံးရှုံးခဲ့ရသဖြင့် ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပပြုလုပ်နိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း (Grade-12) ကျောင်း သား/ ကျောင်းသူများအား ဘာသာရပ်အလိုက် သင်ခန်းစာများကို Face To Face ပြန်လည် ဆွေးနွေးပို့ချခြင်းကို မေ ၂ ရက် နံနက်ပိုင်းမှ စတင်၍ သတ်မှတ်နေရာအသီးသီး၌ စနစ်တကျစုဖွဲ့ သင်ကြားပေးလျက်ရှိသည်။
ထိုသို့ သင်ကြားရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း၊ ပြည်နယ်ပညာရေးမှူး ဦးစိုးသိုက်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ မြစ်ကြီးနား၊ ဝိုင်းမော်နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၈)ကျောင်းတို့မှ Grade-12 ကျောင်းသား/ ကျောင်းသူ (၉၉၇)ဦးတို့အား မြစ်ကြီးနားတက္ကသိုလ်မှ ပါမောက္ခဌာနမှူးများနှင့် ပါမောက္ခများက ဘာသာရပ် အလိုက် သတ်မှတ်အချိန်ဇယားဖြင့် သင်ခန်း စာများကို Face To Face ပြန်လည်လေ့ကျင့်သင်ကြားပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် က ကျောင်းသား/ ကျောင်းသူများ စနစ်တကျဖြင့် စိတ်ပါဝင်စားစွာဖြင့် လေ့ကျင့်သင်ကြားနိုင်ရေး လိုအပ်သည်များ ဂရုစိုက်ဖြည့်ဆည်းဆောင်ရွက်ရေး ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ မြစ်ကြီးနား၊ ဝိုင်းမော်၊ဗန်းမော်၊ချီဖွေမြို့နယ်များနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း စုစုပေါင်း ကျောင်း (၁၃) ကျောင်းမှ Grade-12 ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၉၈၅ ဦးတို့အား Face To Face ပုံစံဖြင့် တက်ကြွစွာ ပြန်လည်လေ့ကျင့်သင်ကြားနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အတူ ပမ္မတီးရပ်ကွက် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ ခန်းမဆောင်၌လည်း မြစ်ကြီးနားမြို့ပေါ်နှင့် ဗန်းမော်ခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ Grade-12 ကျောင်းသား/ ကျောင်းသူ (၄၈၀)ဦးတို့အား စနစ်တကျစုဖွဲ့၍ ဘာသာရပ်အလိုက် လေ့ကျင့်သင်ကြားပေးလျက်ရှိရာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါစခန်းသွင်း လေ့ကျင့်သင်ကြားပေးလျက်ရှိသော Grade-12 ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက နေ့လယ်စာကို ချက်ပြုတ်ကျွေးမွေးခဲ့ကြသည်။
ယင်းသို့ တက္ကသိုလ်ဝင်စားမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများအား Face To Face သင်ကြားသင်ယူခြင်းလုပ်ငန်းကို ယနေ့မှ စတင်၍ မေ ၄ ရက်နေ့အထိ ၃ ရက်တာ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ရွှေကူ၊ ပူတာအို၊ မချမ်းဘောမြို့များရှိ ကျောင်းသား/ ကျောင်းသူများအား စနစ်တကျစုဖွဲ့၍ အခြေခံပညာကျောင်းများနှင့် သတ်မှတ်နေရာအသီးသီး၌ သက်ဆိုင်ရာတာဝန်ရှိသူများက စခန်းသွင်းလေ့ကျင့်သင်ကြားလျက်ရှိသည့်အပြင် နေ့လည်စာကျွေးမွေးခဲ့ကြ ကြောင်းသိရပြီး မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲတွင် ကချင်ပြည်နယ်အတွင်း ကျောင်းသား/ ကျောင်းသူ (၈၆၉၈)ဦးတီု့ဖြင့် စာစစ်ဌာန (၂၂)ခု ဖွင့်လှစ်၍ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။




