မြစ်ကြီးနား မေ ၆
ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့က ကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် စတုတ္ထအကြိမ် အသံမစဲမမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီးပုရဝုဏ်ရှိ အောင်ခြင်းရှစ်ပါးဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်သံဃနာယကအကျိုးဆောင်၊ ဝန်သိုလ်ကျောင်းတိုက်ပဋ္ဌာန နာယက ဆရာတော် ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်များ၊ ဘာဏကသံဃာတော်များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကာ မဟာပဋ္ဌာန်းရောင်ခြည်တော်ဖွင့်ဂါထာတော်ဖြင့် မြတ်စွာဘုရားပင့်ဆောင်ခြင်းနှင့် ပဋ္ဌာန်းဒေသနာတော် နာယူကြည်ညိုရန် နတ်ဗြဟ္မာများအား ဒေဝနိမန်နကဂါထာဖြင့် ပင့်ဖိတ်တော်မူကြသည်။
ထို့နောက် ဆရာတော်များထံမှ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ပဌာန်းဒေသနာရွတ်ဖတ်ရန်အတွက် တိုက်တွန်းနှိုးဆော်လွှာဂါထာဖြင့် ပူဇော်ခဲ့ကြကာ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာ ဝန်ကြီး ဦးမျိုးဆွေက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြသည်။
ယင်းနောက် ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများ ဦးဆောင်လျက် ပဌာန်းပစ္စယယုဒ္ဒေသကို ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး အလှည့်ကျဘာဏကသံဃာတော်များက ပဌာန်းပစ္စယနိဒ္ဒေသများကို ဆက်လက်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ထို့နောက် ဆုတောင်းပြည့်ကျောင်းတိုက် ဆွမ်းစားဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
