မြစ်ကြီးနား မေ ၂၇
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မိုးစပါးစိုက်ပျိုးမှုပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် လယ်သီးထပ်ဆောင်းသီးနှံ စိုက်ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တောင်သူအကျိုးဖြစ်ထွန်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ ဗလမင်းထင်စံပြစိုက်ကွင်း (တပ်ကုန်းမြောက်ကွင်း)အတွင်းရှိ မိုးစပါးစိုက်တောင်သူများနှင့် သွားရောက်တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အနေဖြင့် ဆန်ဖူလုံမှုရှိသော်လည်း ဖူလုံနေသည့် ဆန်ကိုလည်း ပိုမိုတိုးတက်ထုတ်နိုင်ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် စားဆီဖူလုံမှုမရှိသေးသည့်အတွက် ဆီထွက်သီးနှံကို ယာမြေနှင့် တောင်ယာများတွင် သီးသန့်စိုက်ပျိုးသည့်အပြင် မိုးစပါးအပြီး လယ်သီးထပ်အဖြစ် နှစ်သီးမှ သုံးသီးအနေဖြင့် စိုက်ပျိုးထုတ်လုပ်လာနိုင်ပါက စားဆီဖူလုံမှုရှိလာမည်ဖြစ်ပြီး တောင်သူများအတွက်လည်း အကျိုးစီးပွားဖြစ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိုးစပါးအပါအဝင် သီးထပ်စိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြေဆီလွှာစဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်လာရေးကို မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဒါကြောင့် ယနေ့ စံပြစိုက်ကွင်းအတွင်း မိုးစပါးစိုက်ပျိုးသည့် တောင်သူများအားသွင်းအားစုများဖြစ်သည့် မျိုးစေ့နှင့်ဓာတ်မြေသြဇာများကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဗလမင်းထင်စံပြစိုက်ခင်း (တပ်ကုန်းမြောက်ကွင်း) အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် အထွက်တိုး ဆင်းဧကရီ-၃ စပါးမျိုးစေ့အိတ်များနှင့် သဘာဝမြေသြဇာအိတ်များကို ပေးအပ်ချီးမြှင့်ခဲ့ရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးအတွက် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကွင်းအတွင်းရှိ တောင်သူများနှင့်အတူ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် စက်မှုလယ်ယာဦးစီးဌာနမှ ထွန်စက်များဖြင့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးထားသည့် လယ်များအတွင်း တောင်သူအသိပညာပေး ထယ်ထိုးမြေမြှုပ်နှံခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မော်ဖောင်းကျေးရွာအုပ်စုအတွင်း အားကစားနှင့်ကာယပညာသိပ္ပံကျောင်း၊ ကွန်ပျူတာသိပ္ပံကျောင်း မြေနေရာများအပါအဝင် ဌာနအဖွဲ့ အစည်းများ၏ သတ်မှတ်မြေနေရာများနှင့် ကျန်ရှိသည့် မြေဧရိယာ (၃၄)ဧကပေါ်တွင် ကျေးရွာကွက်သစ်မြေဧရိယာအဖြစ် မြေယာပြုပြင်ဖော်ထုတ်ဆောင်ရွက်လျက်ရှိသည့် မြေဧရိယာသို့ သွားရောက်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာကွက်သစ်မြေနေရာအတွက် မြေဧရိယာ (၃၄)ဧကပေါ် တွင် စနစ်တကျအိမ်ရာကွက်များ ဖော်ထုတ်နိုင်ရေး မြေယာပြုပြင်ထုတ်ဖော်ပြီးစီးမှုအခြေအနေများ၊ အိမ်ရာကွက်များ အကွက်ချပုံစံလျာထားဆောင်ရွက်မှုများနှင့် လမ်းနှင့်ရေကျော်တံတားများ တည်ဆောက်သွားရမည့် အခြေအနေများကို အသီးသီးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ စနစ်တကျဖြင့် ဖြည့်စွက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် အဆိုပါ မြေဧရိယာအတွင်း စက်ယန္တရားကြီးများ မြေယာပြုပြင်၍ အိမ်ရာကွက် သစ်ဖော်ထုတ်ဆောင်ရွက်နေမှုအခြေအနေများနှင့် ကျေးရွာပိုင်မြေဧရိယာ ၁၀ ဧကအတွင်း ဆောင်ရွက်ဖော်ထုတ်သွားမည့် အိမ်ရာအကွက်ချပုံစံ၊ ဈေးနှင့်ကစားကွင်းများ လျာထားသတ်မှတ်သွားမည့် အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ နမ္မတီးမြို့ရှိ ယာယီတိမ်းရှောင် ပြည်သူများအား အခမဲ့ဆေးဝါးကုသရေးလုပ်ငန်းဆောင်ရွက်ပေးနိုင်ရေး ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ဖောင်ဒေးရှင်းအနေဖြင့် ကိုဗစ်ကာလအပါအဝင် ပြည်နယ်အနှံ့အပြားတွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခမဲ့ဆေးဝါးကုသရေးလုပ်ငန်းများကို မွန်မြတ်သည့်စေတနာဖြင့်ပုံရိပ်ကောင်းမွန်စွာဆောင်ရွက်ပေးလျက်သည့်အတွက်ကျေးဇူးတင်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ယနေ့ နမ္မတီးမြို့၌ ယာယီတိမ်းရှောင် ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမည်ဖြစ်သည့်အတွက် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များနှင့် ထောက်ပံ့လှူဒါန်းခြင်းများကို စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ ဒူဝါဒေါက်တာဘွမ်ယွမ်က ဖောင်ဒေးရှင်းအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ပြည်နယ်အနှံ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင် ရွက်ပေးနိုင်ခဲ့မှုအခြေအနေများအပေါ် ကျေးဇူး တင်ရှိကြောင်းနှင့် နမ္မတီးမြို့ရှိ ယာယီတိမ်းရှောင်ပြည်သူများအပေါ် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နမ္မတီးမြို့ရှိ ယာယီတိမ်းရှောင်ပြည်သူများအတွက် အခမဲ့ဆေးဝါးကုသမှုလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးကြမည့် ဖောင်ဒေးရှင်းအတွက်အလှူငွေကျပ် သိန်း ၅၀ ကို လည်းကောင်း၊ ဒေါက်တာဘွမ်ယွမ်ကလည်း ဖောင်းဒေးရှင်းအတွက် အလှူငွေကျပ် သိန်း ၁၀၀ လှူဒါန်းကို လည်းကောင်း၊ ဟိုပင်မြို့ ဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးမင်းမင်းက အလှူငွေကျပ် သိန်း ၅၀ ကို လည်းကောင်း ဖောင်ဒေးရှင်းအဖွဲ့ဝင်များထံ အသီးသီးပေးအပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ကူညီပံ့ပိုးပေးနိုင်ရေးနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။






