ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစား(၇၀)ကီလိုတန်းတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်အဖြစ်ရွေးချယ်ခံရသည့် ကချင်ပြည်နယ်မှ မောင်မောင်စိုင်းအား အခမ်းအနားဖြင့် ဂုဏ်ပြုချီးမြှင့်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က ငလျင်ဘေးဒဏ်သင့်ဒေသများသို့ ကူညီထောက်ပံ့နိုင်ရေး ငွေကျပ်သိန်း ၁၅၀၀ လှူဒါန်း

မြစ်ကြီးနား   မေ ၂၉

         ၂၀၂၅ ခုနှစ်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစား (၇၀) ကီလိုတန်းတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံရသော ကချင်ပြည်နယ်မှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားသမား မောင်မောင်စိုင်းအား ကချင်ပြည်နယ်အစိုးရအဖွဲ့က မေ ၂၉ ရက် ညနေ ၃ နာရီက မေခခန်းမ၌ အခမ်းအနားဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

          အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကချင်ပြည်နယ်အတွင်းရှိ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလပြိုင်ပွဲနှင့် (၅၇) ကြိမ်မြောက် အာရှကာယဗလ ပြိုင်ပွဲကဲ့သို့ နိုင်ငံတကာအဆင့်မြင့် ပြိုင်ပွဲများတွင် ကချင်ပြည်နယ်မှ ကာယဗလအားကစားသမား မောင်မောင်စိုင်းက မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည့် အတွက် ကချင်ပြည်နယ်အတွက် ဂုဏ်ယူဝင့်ကြွားဖွယ်ရာ အောင်မြင်မှုပင်ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်၏ သားကောင်းရတနာ တစ်ဦးဖြစ်ပြီး ပြည်နယ်အားကစားလောက၏ စံနမူနာပြသူဖြစ်ကာ နောင်လာနောင်သားများ အားကျအတုယူစရာဖြစ်အောင်လာမည့်နိုင်ငံတကာ အဆင့်ပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြု ဆုတံဆိပ်ဆွတ်ခူးရရှိပြီး ပြည်နယ်နှင့် နိုင်ငံတော်၏ ဂုဏ်ကို မြှင့်တင်ရုံသာမက ကမ္ဘာ့အဆင့်အားကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း အားပေးစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားနည်းပြချုပ် ဦးစိန့်မြင့်မောင်က ပြည်နယ်လက်ရွေးစင်အဖြစ် လေ့ကျင့်လျက်ရှိသည့် အငယ်တန်း၊ အလတ်တန်းနှင့် အကြီးတန်းပြိုင်ပွဲဝင် မျိုးဆက်သစ် ကစားသမားများအား မိတ်ဆက်ပေးပြီး သတ်မှတ်ကိုယ်ဟန်ပြ (၇)မျိုးနှင့် စိတ်ကြိုက်ပြသမှုတို့ကို မိတ်ဆက်ပြသခဲ့ကြမှုကို ကြည့်ရှုအားပေးခဲ့ကြ၍ မြန်မာ့လက်ရွေးစင် မောင်မောင်စိုင်း၏ နိုင်ငံတကာအဆင့် ကိုယ်ဟန်ပြ (၇)မျိုးနှင့် စိတ်ကြိုက်ကိုယ်ဟန်ပြ(၁)မိနစ်ဖြင့် ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့လက်ရွေးစင် မောင်မောင်စိုင်းအတွက် ချီးမြှင့်ငွေကျပ်သိန်း (၅၀)ကို လည်းကောင်း၊ မျိုးဆက်သစ်လူငယ်အားကစားသမားများနှင့် နည်းပြအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ရာ မြန်မာ့လက်ရွေးစင်မောင်မောင်စိုင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

          ဆက်လက်၍ အဆိုပါ ခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ငလျင်ဘေးဒဏ်သင့်ဒေသများသို့ ကူညီထောက်ပံ့မှုများပေးနိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီထံသို့ အလှူငွေများပေးအပ်လှူဒါန်းပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက ငွေကျပ်သိန်း (၁၅၀၀) ပေးအပ်လှူဒါန်းမှုအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကိုယ်စား ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာက လက်ခံရယူခဲ့ကြောင်း သိရသည်။