ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး၊ နမ္မတီးဒေသအတွင်းရှိ ယာယီတိမ်းရှောင်စခန်းများနေ ပြည်သူများနေထိုင်စားသောက်မှုအဆင်ပြေစေရေး တွေ့ဆုံအားပေးထောက်ပံ့၊ ၂၀၂၅ ခုနှစ်၊ ကချင်ပြည်နယ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာစစ်ဆေးပေးခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ပေးကြသူများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား        ဇွန် ၃၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများကို စွန့်ခွာတိမ်းရှောင်လာခဲ့ကြသော အိမ်ထောင်စုများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇွန် ၃၀ ရက် နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်အတွင်းရှိ ကွင်းအမှတ် (၈၅)၊ တောင်သူ ဦးကြည်ဆွေ၏ လယ် ၁၀ ဧကအတွင်း စိုက်ပျိုးထားသည့် ငွေတိုးစပါစိုက်ခင်း၌ စပါးအထွက်နှုန်းတိုးပွားရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၏ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျရောစပ်ကြဲပက်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ကွင်းအတွင်းသရုပ်ပြကြဲပက်မှုကို ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် တောင်သူများနှင့် တွေ့ဆုံပြီး စိုက်ပျိုးရေးအတွက် လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးခဲ့ကြကာ ကုန်ထုတ်လမ်းရရှိရေး၊ ချောင်းရေဖြောင့်တန်းစွာစီးဆင်းနိုင်ရေးတို့အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မိုးကောင်းမြို့၊ ဖိုးချစ်ကုန်းရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်သိန်း ၅၀၀ မတည်ပေးမှုဖြင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်လျက်သော   အိလေးစားသောက်ကုန်လုပ်ငန်းသို့ သွားရောက်ပြီး ဒေသတွင်းထွက်ရှိသော စိုက်ပျိုးရေးထုတ်ကုန်များဖြင့် ငရုတ်ချဉ်၊ ပဲငပိ၊ မာလာရှမ်းကောအနှစ်၊ ဆီတိုဖူး စသည့်စားသောက်ကုန်များ ထုတ်လုပ်နေမှု အဆင့်ဆင့်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဈေးကွက်ဖြန့်ဖြူးရောင်းချနိုင်မှုအခြေအနေများနှင့် ကုန်ကြမ်းစုဆောင်းရရှိမှုတို့ကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ခြံဝင်းအတွင်း ဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုအတွက် မွေးမြူရေးအထောက် အကူပြုဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး  အဆိုပါ ခြံဝင်းအတွင်း ဝက်သားပေါက်များ မွေးမြူထားရှိမှုအခြေအနေများ၊ ခြံဝင်းရေကျော်ဝင်ရောက်မှုအပေါ် ချောင်းတူးဖော်ပေးနိုင်ရေးနှင့် ငါးကန်တူးဖော်ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ မွေးမြူရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မိုးကောင်းမြို့မှ တစ်ဆင့် နမ္မတီးမြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြပြီး နန့်လှိုင်ခေတ်မီစံပြကျေးရွာအတွင်း ပိုင်ရှင် ဦးကြည်လင်၏ နေအိမ်ခြံဝင်းအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ပထမနှစ်စက်ဝန်းမှ မတည်ချေးငွေကျပ် သိန်း ၃၀၀ ဖြင့် စီးပွားဖြစ်ထွန်းလျက်ရှိသည့် ဝက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရာသီစိုက်ပျိုးသီးနှံ ပဲတောင့်ရှည်စိုက်ပျိုးဖြစ်ထွန်းနေမှုကိုလည်းကောင်း၊ ပိုင်ရှင် ဦးဝဏ္ဍလင်း၏ ခြံ၌ ဝက်မွေးမြူထားရှိမှုကိုလည်ကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ မွေးမြူရေးလုပ်ငန်း စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးနှင့် တိုးချဲ့မွေးမြူနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ မွေးမြူရေး အထောက်အကူပြုဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် မြတောင်ကျေးရွာ အမှတ် (၂) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး ရပ်မိရပ်ဖများ၊ ကျေးရွာသူများ၏ တင်ပြချက်အရ တိုးချဲ့ကျောင်းဆောင်သစ်ရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး(VDP)ရန်ပုံငွေဖြင့် တည်ဆောက်နိုင်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်းပေးခဲ့ပြီး လိုအပ်သည်များကို လုပ်ထုံးလုပ်နည်းဖြင့် တည်ဆောက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နမ္မတီးမြို့၊ ကံလှကျေးရွာအတွင်းရှိ ဝန်ဂျာနှစ်ခြင်းခရစ်ယာန်အသင်းတော်ပိုင် ခြံဝင်းအတွင်း ဒေသတွင်းအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများကို စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်ခိုလှုံနေထိုင်လျက်ရှိသော ယာယီတိမ်းရှောင်စခန်းသို့ ရောက်ရှိပြီး စခန်းအတွင်းရှိ ခန်းမဆောင်၌ အသင်းတော်တာဝန်ရှိသူများ၊ အိမ်ထောင်စုများနှင့် တွေဆုံပွဲပြုလုပ်ရာ စခန်းတာ ဝန်ခံများက စခန်းတွင်းလိုအပ်ချက်များကို တင်ပြကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာစကားပြောကြားပြီး စခန်းအတွင်း လိုအပ်ချက်များအပေါ် အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ အသီးအနှံများ စိုက်ပျိုးနိုင်ရေး ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် သဘာဝမြေဩဇာအိတ်များကို လည်းကောင်း၊ စခန်းအတွက် ထောက်ပံ့ငွေကျပ် သိန်း (၇၀) နှင့် အသင်းတော်ပိုင် မူကြိုကလေးများအတွက် အာဟာရကြေးထောက်ပံ့ငွေနှင့် ရိုးရာ ကြိုဆိုရေးအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် (၁၀) သိန်းကို လည်းကောင်း ပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် နမ္မတီးမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော မိုးကောင်းမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမဲသားပိဿာချိန် (၁၀၀)၊ ဆန် ၂၄ ပြည်ပါအိတ် (၂၀၀) ၊ ဆီပိဿာ (၂၀၀)၊ ခေါက်ဆွဲခြောက်ဖာ (၁၀၀) တို့အား အသီးသီး ထောက်ပံ့ပေးအပ်ကာ စခန်းအလိုက် တာဝန်ရှိသူများက အိမ်ထောင်စုများ နေထိုင်စား သောက်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ တင်ပြမှုအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြို့လှနှစ်ခြင်းအသင်းတော်က ပြည်နယ်ဝန်ကြီးချုပ်ထံ ရိုးရာလွယ်အိတ်နှင့် ဓားလွယ်တို့အားဂါဝရပြုလက်ဆောင်ပေးအပ်မှုကိုလက်ခံရယူကာ အိမ်ထောင်စုများအား အားပေးစကားပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြို့လှရပ်ကွက်အတွင်းရှိ နမ္မတီးသကြားစက်ဝင်းအတွင်း နေရာချထားပေးခဲ့သည့် မြို့လှအမှတ် (၁) ယာယီခိုလှုံရာစခန်းသို့ သွားရောက်ခဲ့ကြပြီး စခန်းအတွင်း ‌သောက်သုံးရေရရှိရေးအတွက် ရေတွင်းနှင့်ရေစင်တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ နေအိမ်တန်းလျားများ ဆောက်လုပ်နေရာချထားပေးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ခန်းမဆောင်၌ အိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ အားပေးစကားပြောကြားသည်။

အလားတူ အဆိုပါ မြို့လှရပ်ကွက်အတွင်းရှိ မြို့လှအမှတ်(၂) ယာယီတိမ်းရှောင်စခန်း၌ လည်းကောင်း၊ မြို့မရပ်ကွက်၊ ဝါအောင်စခန်းများသို့ သွားရောက်ပြီး စခန်းနေ မိသားစုများအား ရင်းရင်းနှီးနှီးအားပေးတွေ့ဆုံကာ နေအိမ်တန်းလျားများ တည်ဆောက်ပြီးစီးမှုအခြေအနေများနှင့် အမှတ် (၂) စခန်းအတွက် ထောက်ပံ့ငွေကျပ်သိန်း ၂၀ ကို လည်ကောင်း၊ ဝါအောင်စခန်းအတွက် ထောက်ပံ့ငွေကျပ်သိန်း ၃၀ ကို လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး အိမ်ထောင်စုများ၏ လိုအပ်ချက်များကို အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ ညပိုင်းတွင်လည်း ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ ကချင်ပြည်နယ် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာစစ်ဆေးသူများဖြစ်သည့် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဦးဆောင်သော စာစစ်ဌာနမှူးများ၊ အခြေခံပညာဆရာ/ဆရာမများအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ ကြသည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က စာမေးပွဲစစ်ဆေးခြင်းသည် တစ်ဦးတစ်ယောက်၏ အရည်အချင်းကို စစ်ဆေးခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကချင်ပြည်နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ပြန်လည်ကျင်းပရခြင်းပင်ဖြစ်ပါကြောင်း၊ စာမေးပွဲကို ဇွန် ၁၆ ရက် နေ့မှ ၂၁ ရက်နေ့အထိ စာစစ်ဌာန (၂၂)ခုတွင် ဖြေဆိုသူ (၈၅၈၂)ဦး ဖြေဆိုခဲ့ပြီး ဇွန် (၂၇) ရက်နေ့က စတင်၍ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဦးဆောင်ကာ အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းများ ပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တက္ကသိုလ်ဝင်စားမေးပွဲ အောင်မြင်စွာကျင်းပရေးနှင့် အဖြေလွှာ စစ်ဆေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ဆရာ၊ ဆရာမများ အားလုံးကို ကျေးဇူးအထူးတင်ရှိသည့်အနေဖြင့် ယခုလို ဂုဏ်ပြုပေးခြင်းဖြစ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

ထို့နောက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်က အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် အခမ်းအနားဖြင့် ဂုဏ်ပြုပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာ ပြည်နယ်ဝန်ကြီးချုပ်က အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြသော စာစစ်မှူးချုပ်များ၊ လက်ထောက်စာစစ်မှူးချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ ကထိကများနှင့် တက္ကသိုလ် ဆရာ၊ ဆရာမများ၊ အခြေခံပညာဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေ ကျပ် (၉၄၈) သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် မလိခ Band ၏ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုများ၊ တိုင်းရင်းသား ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ ဂုဏ်ပြညစာကို အတူတကွ ရင်းနှီးနွေးထွေးစွာ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။