မြစ်ကြီးနား ဇူလိုင် ၃
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်အတွင်းရှိ ဘက်စုံ/ ကဏ္ဍစုံ/ နယ်ပယ် အသီးသီး၌ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို ပြည်နယ်အမျိူးသမီးရေးရာအဖွဲ့က ဂုဏ်ပြုတေးသီချင်းဖြင့် ဖျော်ဖြေဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေး ၅၆ သန်းကျော်အနက် အမျိုးသမီးဦးရေသည် ၂၉ သန်းကျော်ဖြစ်သည့်အတွက် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်သည် အမျိုးသမီးများပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လေးစားဂုဏ်ယူဖွယ်ရာဖြစ်သည့် မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ဇူလိုင် ၃ ရက်နေ့ကို မြန်မာအမျိုးသမီးနေ့အဖြစ် အခမ်းအနားဖြင့် ဂုဏ်ပြုကျင်းပပေးခြင်းပင်ဖြစ်ပါကြောင်း၊ ထို့အတူ ယနေ့ အခမ်းအနားတွင် ဘက်စုံ၊ ကဏ္ဍစုံမှ ထူးချွန်အမျိုးသမီးများကို ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ခွင့်ရသည့်အတွက် ဂုဏ်ယူစရာလည်းဖြစ်ကြောင်း၊ ထို့အပြင် အမျိုးသမီးများအခွင့်အရေးနှင့် ကျား၊ မတန်းတူညီမျှမှုကို အဟန့်အတားဖြစ်စေသည့် စံသတ်မှတ်ချက်များ၊ ဓလေ့ထုံးတမ်းများ၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဖြစ်စဉ်များ ကာကွယ်ပေးကြရန်နှင့် အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုများကို အသိအမှတ်ပြုပြီး အခွင့်အရေးများကို လက်လှမ်းမီရရှိစေရေး အလေးထားဖော်ဆောင်ပေးကြမည်ဖြစ်ကြောင်း ဂုဏ်ပြု ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးများ ဘဝမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များ ဗီဒီယိုကလစ်ဖွင့်လှစ်ပြသမှုနှင့် တိုင်းရင်းသားရိုးရာအကအလှများ၊ ကလေးငယ်များ၏ တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ဂုဏ်ပြုချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က ဆေးပညာထူးချွန်ဆု၊ လုပ်ငန်း စွမ်းဆောင်ရည်ဆုနှင့် လူမှုရေးလုပ်ငန်းများတွင် ထူးချွန်စွာဆောင်ရွက်နိုင်ခဲ့ကြသည့် အမျိုးသမီးများအားလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ဒေါ်နန်ဆိုင်းက လူမှုရေးလုပ်ငန်းများနှင့် အားကစားထူးချွန်ဆုရသူများအားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီးနှင့် တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက MSME လုပ်ငန်းစွမ်းဆောင်ဆုရရှိသူများ၊ စီးပွားရေးစွမ်းဆောင်ဆုရရှိသူများ၊ လူရည်ချွန် နှစ်ထပ်ကွမ်း/ သုံးထပ်ကွမ်း ရရှိသူများ၊ ထူးချွန်ကျောင်း သူများ၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ထူးချွန်သူများ၊ အားကစားထူးချွန်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဂုဏ်ပြုဆုရရှိသူများနှင့် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် တာဝန်ရှိသူများ၊ အခမ်းအနားတက်ရောက်လာသူများက ခန်းမအတွင်း ပြသထားသည့် အမျိုးသမီးရေးရာအဖွဲ့များ လှုပ်ရှားဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နယကနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ အမှတ် (၁) တပ်မတော်ဆေးရုံ (ကုတင်-၃၀၀) သို့ သွားရောက်ပြီး တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ တပ်မတော်အရာရှိကြီးများနှင့် တွေ့ဆုံကာ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဆေးရုံအတွက် ဆေးပဒေသာပင်အဖြစ် ငွေကျပ်သိန်း ၁၀၀ ကို ပေးအပ်လှူဒါန်းရာ ဆေးတပ်မှူးက လက်ခံရယူပြီး ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အမျိုးသားလူနာဆောင်များ၌ လည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်းမှူး၏ ဇနီးနှင့် တာဝန်ရှိသူများက အမျိုးသမီးလူနာဆောင်များနှင့် ကလေးလူနာဆောင်များ၌ လည်းကောင်း ဆေးဝါးကုသမှုခံယူနေသော လူနာများအတွက် အဝတ်အထည်များ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများနှင့် နံနက်စာ ထမင်းဘူးများကို လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ မွန်းလွဲပိုင်းကလည်း အဆိုပါ ခန်းမ၌ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ်အမျိုးသားလက်ရွေးစင်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် သည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွက် ဘောလုံးအားကစားနည်းတွင် အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးအသင်းသည် နှစ်ပေါင်း (၁၆) နှစ်ကြာဝေးကွာခဲ့ရသည့် အမျိုးသားတံခွန်စိုက်ဆုကို ရယူပေးနိုင်ခဲ့ပါကြောင်း၊ ယနေ့ အသက် (၁၈)နှစ်အောက် လက်ရွေးစင်အသင်းအနေဖြင့်လည်း ပြည်နယ်၏ ဂုဏ်ကိုမြှင့်တင်ပေးနိုင်ခဲ့ သည့် အခွင့်အရေးတစ်ရပ်ရရှိပြီဟုခံယူ၍ ပြည်နယ်ဂုဏ်ဆောင်သူများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်အသင်း အုပ်ချုပ်သူ၊ နည်းပြနှင့်ကစား သမားများထံ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေကျပ် ၅၄ သိန်းကို ပေးအပ်ချီးမြှင့်ပြီး ဘောလုံးအားကစားဝါသနာရှင် စီးပွားရေးလုပ်ငန်းရှင်များကလည်း အောင်နိုင်ရေးအတွက် ပံ့ပိုးချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်မှုကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် လက်ရွေးစင်အသင်းနည်းပြချုပ်က အသင်းအောင်နိုင်ရေးအတွက် လေ့ကျင့်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း၊ အသင်းအုပ်ချုပ်သူက ကျေးဇူးတင်စကားနှင့် အောင်နိုင်ရေးကတိစကားကို လည်းကောင်း ပြန်လည်ပြောကြားခဲ့ကြသည်။
ထို့အပြင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ကျင်းပပြုလုပ်ပေးလျက်ရှိသည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား မိုးရာသီအားကစားပြိုင်ပွဲများအဖြစ် ရုံးဝန်ထမ်းများ၏ အမျိုးသား/ အမျိုးသမီးဘော်လီဘောပြိုင်ပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲ (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲများအား ကြည့်ရှုအားပေးခဲ့ကြပြီး ဆုများကိုပေးအပ်ချီးမြှင့်ရာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ဝန်ထမ်းများ၏ အားကစားပြိုင်ပွဲများအတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသော အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက အမျိုးသား၊ အမျိုးသမီးကြက်တောင်ရိုက်နှင့် ဘော်လီဘောပြိုင်ပွဲများအတွက်အကောင်းဆုံးဆုများကို လည်းကောင်း၊ တတိယနှင့် ဒုတိယအသင်းလိုက် ဆုရရှိသူများအား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ပထမဆုရအသင်းများအတွက် တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုဖလားများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။






