ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်ပိုက်ကျော်ခြင်းလက်ရွေးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်၊ ဆုတံဆိပ်များ ရရှိခဲ့သော ကချင်ပြည်နယ်ပြေးခုန်ပစ်အသင်းအား လေဆိပ်၌ ဂုဏ်ပြုကြိုဆို

မြစ်ကြီးနား   ဇူလိုင် ၁၀

         ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ်ကိုယ်စားပြု လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၁၀ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

          အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်၏ စည်းလုံးညီညွတ်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် အားကစားစိတ်ဓာတ်၊ အားကစားအဆင့်အတန်းကို ပြသခွင့်ရမည့် အခွင့်အရေးဖြစ်သည့်အတွက် အနိုင်ရရှိရေး ရည်မှန်းချက်ထားကြိုးစားရုံသာမက အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်မှုများကိုပြသပြီး ပြည်နယ်၏ဂုဏ်ကို မြှင့်တင်နိုင်ရန် အရေးကြီးပါကြောင်း အားပေးပြောကြားကာ အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများအတွက် အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေကျပ် ၁၅ သိန်း၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် ကစားသမားများအတွက် ထပ်ဆောင်းထောက်ပံ့ငွေအဖြစ် ငွေကျပ် ၁၇ သိန်းဖြင့် စုစုပေါင်းငွေကျပ် ၃၂ သိန်းကို ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းနည်းပြက လက်ရွေးစင်အသင်း အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ခဲ့သည်။

          ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ငွေတံဆိပ် (၁)ခုနှင့် ကြေးတံဆိပ် (၂)ခု ဆွတ်ခူးရရှိခဲ့သည့် ကချင်ပြည်နယ်ပြေးခုန်ပစ်အသင်းအား လေဆိပ်ဧည့်ခန်းမဆောင်၌ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

          ထို့သို့ ကြိုဆိုဂုဏ်ပြုရာတွင် ပြည်နယ်ပြေးခုန်ပစ်အသင်းအား ပြည်နယ်ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ငွေတံဆိပ် (၁)ခုနှင့် ကြေးတံဆိပ် (၂)ခုကို ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ကချင်ပြည်နယ်အနေဖြင့် ပြေးခုန်ပစ်အားကစားနည်းသည် အားကစားနည်းအားလုံးအနက် အားအနည်း ဆုံးဖြစ်သော်လည်း ၂၀၂၂ ခုနှစ် တွင် ရွှေတံဆိပ် (၂)ခု၊ ၂၀၂၄ ခုနှစ်တွင် ငွေတံဆိပ် (၁)ခုနှင့် ကြေးတံဆိပ် (၃)ခုကို ရရှိခဲ့ပါကြောင်း၊ အဓိကအနေဖြင့် ရရှိခဲ့သည့် အောင်မြင်မှုများကို အခြေခံပြီး ပိုမိုမြင့်မားသည့် အောင်မြင်မှုများရရှိအောင်ဆက်လက်ကြိုးစားကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

          ထို့နောက် လက်ရွေးစင်အသင်း နည်းပြက ပြိုင်ပွဲဝင်ရောက်ခဲ့သည့် အတွေ့အကြုံများနှင့် ဆုတံဆိပ်ရရှိခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်ပြေးခုန်ပစ်အသင်းအား ဂုဏ်ပြုကြိုဆိုရာတွင် ကူညီခဲ့ကြသော ဘင်ခရာအဖွဲ့၊ လီဆူရိုးရာအကအဖွဲ့၊ အေရိုးဗစ်အသင်းနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းတို့ အတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကာ လက်ရွေးစင်အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြကြောင်း သိရသည်။