ကချင်ပြည်နယ်ဝန်ကြီးချုပ် စပါးကြဲခင်းများ လျော့နည်းပပျောက်လာစေပြီး ပန်းတိုင်အထွက်နှုန်းပြည့်မီစွာရရှိရေးအတွက် စပါးမျိုးစေ့ချကိရိယာ(Seeder)များ၊ စပါးမျိုးသန့်မျိုးစေ့အိတ်များနှင့် သွင်းအားစုများအား မြို့နယ်များအလိုက် တောင်သူများထံဖြန့်ဝေပေးအပ်၊ မြစ်ရေမြင့်တက်လာပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေး ရေဘေးကယ်ဆယ်ရေးတပ်ဖွဲ့များ စနစ်တကျစုဖွဲ့ပြင်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား   ဇူလိုင် ၈

         ကချင်ပြည်နယ်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ တောင်သူဝင်ငွေတိုးပွားရေးအတွက် စပါးစိုက်ပျိုးနည်းစနစ်မှန်ကန်စေရေးအတွက် စပါးကြဲခင်းများ လျော့နည်းပပျောက်လာစေရေး နည်းစနစ်ပြည့်ဝမှန်ကန်သည့် စပါးမျိုးစေ့ချကိရိယာ (Seeder) များအသုံးပြု၍ စိုက်ပျိုးနိုင်‌ရေး မြို့နယ်များအလိုက် တောင်သူများထံ ဖြန့်ဝေပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

          အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အနေဖြင့် ယမန်နှစ်က စပါးစိုက်ဧက စုစုပေါင်း (၄၇၄၄၇၇) ဧကရှိသည့်အနက် ကြဲပက်စိုက်ပျိုးဧက (၁၇၉၄၁၆) ဧကတွင် တစ်ဧကအထွက်နှုန်း (၆၆ ဒဿမ ၅၈) တင်းသာရရှိခဲ့ကာ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးဧက (၈၈၂၀၄)ဧကတွင် တစ်ဧကအထွက်နှုန်းအနေဖြင့် (၉)တင်းခန့်ပိုမိုထွက်ရှိသည်ကိုတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ စပါးစိုက်ပျိုးနည်းစနစ် မှန်ကန်သင့်တော်သည့် နည်းလမ်းများအသုံးပြုခြင်း၊ မျိုးကောင်း မျိုးသန့်နှင့် သွင်းအားစုများ အချိန်ကိုက်အချိုးကျထည့်သွင်းပေးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိမည်ဖြစ်ပြီး ဒေသတွင်း ဆန်ဖူလုံရုံသာမက အခြားဒေသများကို တင်ပို့ရောင်းချနိုင်ခြင်းဖြင့် တောင်သူဝင်ငွေတိုးပွားလာမည်ဖြစ်ပါကြောင်း၊ ထို့အပြင် သိပ္ပံနည်းကျစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် လိုအပ်သည့်သွင်းအားစုများ စဉ်ဆက်မပြတ်ပံ့ပိုးပေးနိုင်ရေး  ကြိုးပမ်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက  ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဝယ်ယူပေးခဲ့သော စပါးမျိုးစေ့ချ ကိရိယာ (Seeder) အစုံ (၁၅၀) အား သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများထံသို့လည်းကောင်း၊ အကျိုးဆောင်တောင်သူများအတွက် သွင်းအားစုများဖြစ်သည့် စပါးမျိုးသန့်မျိုးစေ့များနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့ထုတ်များ၊ ဓာတ်မြေသြဇာ၊ မှိုသတ်ဆေး၊ ရွက်ဖျန်းအားတိုးဆေး၊ ပိုးသတ်ဆေးနှင့် ဆေးဖျန်းပုံးများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယနေ့ အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့သော စပါးမျိုးစေ့ချကိရိယာများ၊ စပါးမျိုးသန့်မျိုးစေ့အိတ်များ၊ ဟင်းသီးဟင်းရွက်မျိုးစေ့အိတ်များ၊ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာအိတ်များ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖျန်းအားတိုးဆေးများနှင့် ဆေးဖျန်းပုံများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ကချင်ပြည်နယ်အနေဖြင့် မိုးစပါးစိုက်ပျိုးမှုတွင် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီ၌ ခရိုင်/ မြို့နယ် များအလိုက် (၄၈၀၁၀၃) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်နှုန်းအနေဖြင့် (၃၃၉၀၃၁၅၇)တင်း ရရှိခဲ့ကာ ယခုနှစ် ၂၀၂၅-၂၀၂၆ စိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧက (၅) သိန်း လျာထားပြီး (၃၀-၆-၂၀၂၅) ရက်နေ့ အထိ ဧကပေါင်း (၁၆၇၀၃၉)ဧကထိ စိုက်ပျိုးထားရှိပြီး ဆက်လက်စိုက်ပျိုးဆောင်ရွက်လျက်ရှိသည့်အပြင် စာရင်းကောက်ယူရန် ကျန်ရှိသောမြို့နယ်များရှိနေသေးကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။

          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ဆန် (၄) ပြည်၊ ဆီတစ်ဘူးစီ၊ ကြက်သွန်နီ (၁) ပိဿာစီနှင့် ဆပ်ပြာမှုန့်ထုတ်များအား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယခုနှစ် ဇူလိုင်လအတွင်း ဧရာဝတီမြစ်အထက်ပိုင်းနှင့် ပြည်နယ်အနှံအပြားတွင် မိုးရွာသွန်းမှုများပြားသည့်အတွက် ဧရာဝတီမြစ်ရေ နောက်ထပ်တစ်ကြိမ် မြင့်တက်လာပါက အချိန်နှင့်တစ်ပြေးညီ ကြိုတင်ကာကွယ်နိုင်ရေး ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ စုဖွဲ့ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့တွင်းမြစ်ရေမြင့်တက်လာနိုင်သည့် နေရာများအလိုက် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များစုဖွဲ့၍ ရေယာဉ်များ၊ မိုးကာတဲများနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ စုဆောင်းထားရှိသည့် စီတာပူတံတားအနီးရှိ ရေဘေးကယ်ဆယ်ရေးစုရပ်၌ လည်းကောင်း၊ ကျွန်းပင်ရပ်ကွက် စက်လှေဆိပ်ရှိ စုရပ်၌လည်းကောင်း စနစ်တကျကြိုတင်ပြင်ဆင် စုဖွဲ့ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တပ်ဖွဲ့ဝင်များအား ဧရာဝတီမြစ်အထက်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းလျက်ရှိသည့် အတွက် ကြိုတင်ကာကွယ်နိုင်ရေး စနစ်တကျစုဖွဲ့ထားခြင်းဖြစ်ကာ အရေးပေါ်အခြေအနေတွင် ယခုလို ကြိုတင်ပြင်ဆင်ခြင်းအားဖြင့် အများပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်များကို ဆုံးရှုံးမှုနည်းသည်ထက်နည်းအောင် ကာကွယ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကာ တပ်ဖွဲ့ဝင်များအတွက် ညနေစာအဖြစ် ထမင်းဘူးများကို ဖြန့်ဝေပေးအပ်ခဲ့ကြသည်။