ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝန်ကြီးချုပ်ဖလား အသက် (၂၅) နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအား တက်ရောက်အားပေးချီးမြှင့်၊ ဆုများရရှိခဲ့သော ပြည်နယ်လက်ရွေးစင် ပြေးခုန်ပစ်အသင်းအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား   ဇူလိုင် ၁၃

         ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပြည်နယ်ကိုယ်စားပြုကစားသမားများ ရွေးချယ်လေ့ကျင့်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခဲ့သည့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၅) နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၂ ရက် ညနေ ၃ နာရီက ငြိမ်းချမ်းသာယာ ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။

          အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဖူဆယ်ကလပ်အသင်းပေါင်း (၁၆) သင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ဗိုလ်လုပွဲစဉ်အဖြစ် နောင်ရာ FC အသင်းနှင့် A.K.O FC အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဖူဆယ်ဘောလုံးချစ်ပရိတ်သတ်များနှင့်အတူ တခဲနက်ကြည့်ရှုအားပေးခဲ့ကြရာ A.K.O FC ကလပ်အသင်းက ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသည်။

          ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီပံ့ပိုးပေးကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများအတွက် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက နေရာအလိုက် အကောင်းဆုံးကစားသမားဆုနှင့် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားဆုရရှိသူများအားလည်းကောင်း ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီးက တတိယဆုရအသင်းအတွက်လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဒုတိယဆုရအသင်းအတွက်လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရအသင်းအတွက်လည်းကောင်း တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုဆုဖလားများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ထို့အတူ ညပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြေးခုန်ပစ်ပြိုင်ပွဲတွင် ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၂) ခုရရှိခဲ့သော ပြည်နယ်ကိုယ်စားပြု ပြေးခုန်ပစ်အသင်း အုပ်ချုပ်သူ၊ နည်းပြများနှင့် ကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်သည်။

          အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း အားကစားနည်းများအနက် ပြေးခုန် ပစ်အားကစားနည်းသည် အားအနည်းဆုံးဖြစ်သော်လည်း ယခုလို ဆုတံဆိပ်များကို ရရှိခဲ့သည့်အတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ယနေ့ ရရှိခဲ့သည့် ဆုတံဆိပ်များထက် ပိုမိုဆွတ်ခူးရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း ကြိုတင်ပြင်ဆင်လေ့ကျင့်ရာတွင်လည်းကောင်း၊ လိုအပ်သည့် အားကစားအထောက်အကူ ပစ္စည်းများနှင့်လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် ပိုမိုကြိုးစားကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

          ထို့နောက် ပြည်နယ်လက်ရွေးစင်အသင်းနည်းပြက ပြိုင်ပွဲအတွေ့အကြုံများ၊ ဆုတံဆိပ်ရရှိခဲ့မှု အခြေအနေများနှင့် လာမည့်နှစ်များအတွက် ဆုများပိုမိုရရှိရေးလေ့ကျင့်ပြင်ဆင်ခြင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ရွေးစင်ပြေးခုန်ပစ် အသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၄၀၅၀၀၀၀) အပါအဝင် ဌာနဆိုင်ရာများက စုစုပေါင်းဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း (၆၀)ကိုပေးအပ်ချီးမြှင့်ခဲ့ကြရာ အသင်းအုပ်ချုပ်သူက ကျေးဇူးတင် စကားပြော ကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများက လက်ရွေးစင်အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ လက်ရွေးစင်ကစားသမားများနှင့်အတူ ရိုးရာအကအလှများ၊ Malikha Music Band ၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကာ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။