ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မြစ်ကြီးနားမြို့၌ ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား   သြဂုတ် ၂၀

         (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ကချင်ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေး မြစ်ကြီးနားမြို့၌ ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနှင့် ဆပ်ပကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ကြသည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခင်နှစ် (၂၅)ကြိမ်မြောက် ပြိုင်ပွဲတွင် ပြည်နယ်ကိုယ်စားပြုအသင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယခုနှစ်တွင်လည်းအောင်မြင်မှုရရှိအောင် မြန်မာ့ရိုးရာယဉ်‌ကျေးမှုအစဉ်အလာများနှင့်ညီညွတ်အောင်၊ ရိုးရာအမွေအနှစ်များ ဖော်ထုတ်ပြနိုင်အောင် စည်းလုံးညီညွတ်စွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်နယ်အတွင်း စနစ်တကျအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများကိုဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ပြိုင်ပွဲဝင်များအားမြန်မာ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို စိတ်ဝင်စားပြီး အမျိုးဘာသာသာသနာတိုးတက်အောင် ဆောင်ရွက်ကြရန်နှင့် ဗဟိုအဆင့်ပြိုင်ပွဲသို့ အဆင့်အတန်းပြည့်မီစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အားလုံးကဝိုင်းဝန်းကြိုးစားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရေးနှင့်စပ်လျဉ်း၍ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲကျင်းပရေး၊ ဗဟိုအဆင့်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းကော်မတီအလိုက် ကြိုတင်စီမံဆောင်ရွက်သွားရမည့်ကိစ္စရပ်များနှင့် ပြိုင်ပွဲကာလအတွင်း ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲသို့ ရိုးရာယဉ်ကျေးမှုအနှစ်သာရအဓိပ္ပါယ်များနှင့်အညီ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။