ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်၊ ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် အဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     အောက်တိုဘာ ၁၃

          ဘေးဒဏ်ကြံ့ကြံ့ခိုင်နိုင်ရေး၊ သုံးစွဲဘဏ္ဍာတိုးမြှင့်ပေး ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့ နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြပြီး ဒေသတွင်း သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ တက်ကြွစွာပါဝင်ကူညီဆောင်ရွက်ပေးကြသည့် အဖွဲ့အစည်းများအားလုံးကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။

          ရှေးဦးစွာ အခမ်းအနားတွင် ကချင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လူအများနှင့် စီးပွားရေးဆိုင်ရာပိုင်ဆိုင်မှုများကို ဘေးအန္တရာယ်အမျိုးမျိုး သင့်စေနိုင်ပြီး ထိခိုက်လွယ်မှုကို မြင့်တက်စေသည့်အတွက် ဘေးဒဏ်ကြံ့ကြံ့ ခံနိုင်သည့် လူအဖွဲ့အစည်း တစ်ရပ်ဖြစ်လာစေရန်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများဆောင်ရွက်ရာတွင် ပြန်လည်တုံ့ပြန်ရေးချဉ်းကပ်မှုမှသည် ဘေးအန္တရာယ်လျှော့ချရေး ကြိုတင်ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများဆီသို့ ဦးစားပေး ပြောင်းလဲဆောင်ရွက်ရန် လိုအပ်ချက်များအပေါ် အလေးပေးလာပြီဖြစ်ပါ ကြောင်း၊ မိမိတို့ ကချင်ပြည်နယ်အနေဖြင့်လည်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် တည်ရှိပြီး စစ်ကိုင်းငလျင်ကြောကြီးပေါ်တွင် တည်ရှိနေသည့်အတွက် ဘေးအမျိုးမျိုးကို ကြုံတွေ့နိုင်သည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် သဘာဝဘေးနှင့်ပတ်သက်ပြီး ပြည်သူများ ထဲထဲဝင်ဝင်သိရှိ နားလည်ထားရန် လိုအပ်သကဲ့သို့ ဘေးလျော့ပါးရေးနှင့် ကာကွယ်တားဆီးရေးသည်လည်း အရေးကြီးပါကြောင်း၊ သို့ဖြစ်ပါ၍ ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးစေရေးအတွက် ပံ့ပိုးကူညီခြင်း၊ အခြေခံအခွင့်အရေးများ ရရှိစေရေးနှင့် ဘေးအန္တရာယ်ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရေး စနစ်တကျပံ့ပိုးဆောင်ရွက်သွားကြရမည်ဖြစ်သည့်အပြင် အနာဂတ်တွင် ပိုမိုကောင်းမှုသည့် လူမှုအသိုက်အဝန်းဖြစ်ပေါ်လာစေရေး ဝိုင်းဝန်းကြိုးစားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

           ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ ဗီဒီယို Message ကို ဖွင့်လှစ်ပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင် ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ရေးလျှော့ချရေးနေ့ အထိမ်းအမှတ် အခြေခံပညာ ထက်၊ လယ်၊ မူအဆင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကို ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ကူညီဆောင်ရွက်ပေးကြသည့် ပြည်တွင်းမှ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြပြီး ဆုရရှိသူများ၊ ဂုဏ်ပြုမှတ်တမ်းလွှာရရှိသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများသည် အခမ်းအနားတက်ရောက်လာကြသည့် လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ ကျောင်းသူများ၊ သင်တန်းသား/ သင်တန်းသူများနှင့်အတူ ခန်းမအတွင်း၌ ဖွင့်လှစ်ပြသထားသည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အသိပညာပေးပြခန်းများနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဉာဏ်စမ်း အမေး/ အဖြေကဏ္ဍ အစီအစဉ်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။