မြစ်ကြီးနား အောက်တိုဘာ ၂၀
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည် နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၂၀ ရက် နံနက်ပိုင်းက ဟိုတယ်ဆိုင်ရာအခြေခံဝန်ဆောင်မှုသင်တန်းများနှင့် အာဆီယံအဆင့်အသိအမှတ်ပြု နိုင်ငံအဆင့် သင်ကြားရေးဆရာဖြစ်သင်တန်းနှင့် ၂၀၂၅ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်လက်ဝှေ့ပြိုင်ပွဲများ တက်ရောက်ဖွင့်လှစ်ပေးပြီး Grace ကလေးသူငယ်ပြုစုပျိုးထောင်ရေး မိဘမဲ့ကလေးဂေဟာသို့ စားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ တပ်ကုန်း(အင်ဂျန်ဒုံ- မြောက်)ရပ်ကွက်အတွင်းရှိ အဂ္ဂါဗေ (AGAPE)ဟိုတယ်၊ ခန်းမ၌ ဒေသခံလူငယ်များအတွက် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း (၃)မျိုးဖြစ်သည့် ဧည့်ကြို (Front Office)၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေး (House Keeping)၊ အစားအသောက်နှင့် အဖျော်ယမကာ ဝန်ဆောင်မှု (Food & Beverages – service) အခြေခံသင်တန်းများနှင့် အာဆီယံအသိအမှတ်ပြု နိုင်ငံအဆင့်သင်ကြားရေး ဆရာဖြစ်သင်တန်း (ASEAN National Trainer) ဖွင့်ပွဲသို့ တက်ရောက်သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်း ဟိုတယ်လုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက် ဒေသတွင်း ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ပါဝင်ပတ်သက်သူများ၊ ခရီးသွားဧည့်သည်များ၊ ဒေသပြည်သူအလွှာစုံအထိ ဟိုတယ်လုပ်ငန်းကဏ္ဍ၏ အသိပညာဖြန့်ဝေခြင်း၊ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်း၊ စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်းအားဖြင့် ပြည်နယ်၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေနိုင်မည်ဖြစ်ပြီး ပြည်နယ်အတွက်သာမက နိုင်ငံအတွက်ပါ အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းမှ စာတွေ့/လက်တွေ့နှင့် အထွေထွေဗဟုသုတဆိုင်ရာ သင်ကြားပို့ချများကို လက်ကိုင်ထားပြီး မိမိတို့လုပ်ငန်းခွင်၊ နယ်ပယ်အသီးသီးတွင် ကဏ္ဍအလိုက် စနစ်တကျတိုးတက်ဖွံ့ ဖြိုးလာစေရေးနှင့် ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းများတွင် ဝန်ဆောင်မှုအရည်အသွေးများ၊ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးသာမက ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုပါ အတူတကွပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ကချင်ဇုန်)တို့ ပူးပေါင်း၍ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့မှု အခြေအနေများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြ ပြီး ဖွင့်ပွဲအခမ်းအနားတက်ရောက်လာကြသည့် တာဝန်ရှိသူများ၊ ဟိုတယ်ဆိုင်ရာ အခြေခံ ဝန်ဆောင်မှုသင်တန်းသား/သင်တန်းသူများ၊ အာဆီယံအသိအမှတ်ပြု နိုင်ငံအဆင့်သင်ကြားရေးဆရာဖြစ် သင်တန်းသား/ သင်တန်းသူများနှင့်အတူ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ သင်တန်းများအတွက် ဟိုတယ်ဆိုင်ရာ အခြေခံဝန်ဆောင်မှု သင်တန်း(၃)မျိုးတွင် သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၁၃၂)ဦးတို့အတွက် ရက်သတ္တပတ် (၃)ပတ်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပြီး အာဆီယံအသိအမှတ်ပြု နိုင်ငံအဆင့် သင်ကြားရေးဆရာအဖြစ်သင်တန်းကို (၅) ရက်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ မျိုးဆက်သစ်လူငယ်လက်ဝှေ့ အားကစားသမားများပေါ်ထွန်းလာစေရေး ကျင်းပပြုလုပ်ပေးသည့် ၂၀၂၅ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ် လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက်သည်။
လက်ဝှေ့ပြိုင်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အားကစားနည်းများသည် လူငယ်များကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန်၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်နှင့် စိတ်ဓာတ်မြှင့်တင်နိုင်ရန် အကောင်းဆုံးနည်းလမ်းပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ ပြိုင်ပွဲတွင် လူငယ်များအနေဖြင့် မိမိတို့၏ ခွန်အား၊ ကျွမ်းကျင်မှု၊ ဉာဏ်ရည်ဉာဏ်သွေး၊ စည်းကမ်း၊ သည်းခံမှုနှင့် ရဲရင့်သော စိတ်ဓာတ်တို့ကို အစွမ်းကုန်ပြသယှဉ်ပြိုင်ကြရန်နှင့် ပြည်နယ်၏ လက်ဝှေ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးကို အလေးအနက်ထားကြိုးစားကြရန်လိုအပ်ပါကြောင်း တိုက်တွန်းအားပေးပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လက်ဝှေ့ပြိုင်ပွဲအတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ်သိန်း ၃၀ နှင့် လက်ဝှေ့ဆပ်ကော်မတီ တာဝန်ရှိသူများ၊ ပါဝင်ကူညီပံ့ပိုးပေးကြသူများအား ဂုဏ်ပြုမှတ်တမ်း လွှာများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်လက်ဝှေ့ဆပ်ကော်မတီမှ သင်ကြားလေ့ကျင့်ပေးလျက်ရှိသော လူငယ်လက်ဝှေ့သင်တန်းသား/ သင်တန်းသူများက လက်ဝှေ့လေ့ကျင့်ခန်းများဖြင့် သရုပ်ပြသမှုကိုလည်းကောင်း၊ Grace အကအဖွဲ့က ကပြဖျော်ဖြေမှုကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြပြီး လက်ဝှေ့ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် ဖြိုးဝေလင်း (မန်ခိန်)နှင့် မိုက်ကယ်ဇော်ခေါင်(ဒူကထောင်)တို့၏ ယှဉ်ပြိုင်ထိုးသတ်မှုကို နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းမှ ကျောင်းသူများ၊ လက်ဝှေ့ဝါသနာရှင်ပရိတ်သတ်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြကာ အနိုင်ရရှိသည့် လက်ဝှေ့အားကစားသမားအား ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နန်းကွေ့ကျေးရွာ၊ နယ်မြေ (၅) အတွင်းရှိ Grace ကလေး သူငယ်ပြုစုပျိုးထောင်ရေး မိဘမဲ့ကလေးဂေဟာသို့ သွားရောက်ပြီး ဂေဟာအတွင်း ပြုစုစောင့်ရှောက်ထားသော မိဘမဲ့ကလေး (၃၂)ဦးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ်က ဆန်အိတ် (၁၀)အိတ်၊ ဆီ (၁၀)ပိဿာ၊ ကြက်ဥများကို ထောက်ပံ့ပေးအပ်ရာ ဂေဟာအတွင်းရှိ ကလေးများက ကျေးဇူးတင်ဂုဏ်ပြုတေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကာ ဂေဟာမှူး ဒေါ်အားချီက ကျေးဇူးတင်ရှိကြောင်းနှင့် ဂေဟာအတွက် လျှပ်စစ်မီး လိုအပ်ချက်ကို တင်ပြကြရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မိဘမဲ့ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ခြင်းသည် မွန်မြတ်ကောင်းမွန်သည့် လုပ်ငန်းဖြစ်သည့်အပြင် ဂေဟာတစ်ခု ရပ်တည်နိုင်ရေးနှင့် ကလေးများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးသည် လွယ်ကူမည်မဟုတ်သည်ကို သိရှိနားလည်ထားပါကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း ယာယီတိမ်းရှောင်စခန်းနေမိသားစုများ၊ ဂေဟာများ၊ သင်တန်းကျောင်းများအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး ထောက်ပံ့ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ ဂေဟာရှိကလေးငယ်များ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည့်အပြင် ကျန်လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း အားပေးပြောကြားခဲ့ပြီး ဂေဟာအတွင်းရှိ ကလေးများနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြကြောင်း သိရသည်။








