ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တတိယအကြိမ်မြောက် တိုင်းရင်းသားရေးရာဝန်ကြီးဖလား၊ မျိုးနွယ်စု ပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား အားကစားဝတ်စုံနှင့် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်

မြစ်ကြီးနား  အောက်တိုဘာ ၂၄

          ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများအားလုံးအကြား ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့် ညီအစ်ကိုသားချင်းစိတ်ဓာတ်ကို မြှင့်တင်နိုင်ရန်အတွက် တတိယအကြိမ် မြောက် ကျင်းပပြုလုပ်မည့် တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းများအား အားကစားဝတ်စုံနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပြည်နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

          အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေါက်တာဆလိုင်းငွန်းကျုံးလျန်နှင့် တာဝန်ရှိသူများ၊ ဒေသတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဘောလုံးအသင်းများ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးအားကစားနည်းသည် တိုင်းရင်းသားအားလုံးကို ပိုမိုရင်းနှီးချစ်ခင်မှု၊ ညီညွတ်မှုနှင့် ကျန်းမာပျော်ရွှင်မှုဆီကို ပို့ဆောင်ပေးတဲ့ အကောင်းဆုံးအားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲသည် အားကစားနည်းတစ်မျိုးသားမက တိုင်းရင်းသားအားလုံး၏ ယဉ်ကျေးမှုအမွေအနှစ်များကို ဂုဏ်ယူစွာပြသရာနေရာ၊ တစ်ဦးနှင့်တစ်ဦးနားလည်မှု၊ လေးစားမှုကိုတည်ဆောက်ရာနေရာဖြစ်သည့်အပြင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအတွက် အားမာန်သစ် တွေ့ရှိရာနေရာတစ်ခုဖြစ်သည်ကို နားလည်ကြရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုလို မျိုးနွယ်စု ပေါင်းစုံ ပူးပေါင်းပါဝင်သည့် အားကစားပွဲများကို မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အစဉ်အမြဲအားပေးကူညီသွားမည်ဖြစ်ပါကြောင်းနှင့် ဘောလုံးပွဲမှတစ်ဆင့် မိမိတို့ပြည်နယ် ပိုမိုတိုးတက်ခိုင်မြဲပြီး စည်းလုံးညီညွှတ်လာမည်ဟု ယုံကြည်ပါကြောင်း တိုက်တွန်းမှာကြားသည်။

           ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က မျိုး နွယ်စုပေါင်းစုံ ဘောလုံးပြိုင်ပွဲများ နှစ်အလိုက်ကျင်းပပြုလုပ်ပေးခဲ့သည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရေး ပြောကြားသည်။          

ထို့နောက် အားကစားဝတ်စုံနှင့် ထောက်ပံ့ငွေများကိုပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ဂျိမ်းဖော၊ လာချိဒ်၊ လော်ဝေါ်၊ လီဆူတိုင်းရင်းသားမျိုးနွယ်စု ဘောလုံးအသင်းများအတွက်လည်းကောင်း၊ ဒုတိယဝန်ကြီးက ရဝမ်၊ ဇိုင်းဝါး၊ တိုင်းလေ၊ တိုင်းလိုင်မျိုးနွယ်စု ဘောလုံးအသင်းများအတွက်လည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက တိုင်းခမ်းတီ၊ တိုင်းလိုင်၊ တိုင်းဆာနှင့် ဗမာတိုင်းရင်းသားမျိုးနွယ်စု ဘောလုံးအသင်းများအတွက်လည်းကောင်း အားကစားဝတ်စုံများနှင့် ထောက်ပံ့ငွေကျပ် (၁၀)သိန်းစီကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ မြန်မာနိုင်ငံလီဆူစာပေနှင့်ယဉ် ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးအားဆီက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။