ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗလမင်းထင်အမှတ်(၂)တံတား ရေလယ်တိုင် ဘိုးပိုင်ရိုက်သွင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား  နိုဝင်ဘာ ၆

          ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီက ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၌ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)က တာဝန်ယူတည်ဆောက်လျက်ရှိသော မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်ရှိ ဗလမင်းထင်တံတား အမှတ်(၂)တည်ဆောက်ရေးလုပ်ငန်းခွင်သို့သွားရောက်ပြီး ရှင်းလင်းဆောင်၌ လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တံတားအထူးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးတို့က အမှတ်(၂)တံတားတည် ဆောက်ရေး စီမံကိန်းလုပ်ငန်းများအတွက် ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် ရေလယ်တိုင်အမှတ် (၅)နှင့် အမှတ်(၆) တည်ဆောက်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြရာ လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးချုပ်က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် အမြန်ရေယာဉ်များဖြင့် ရေလယ်တိုင်အမှတ် (၅) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ခဲ့ကြပြီး တာဝန်ရှိသူများက လုပ်ငန်းခွင်အတွင်း ရေလယ်တိုင် ဘိုးပိုင်ရိုက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း ၍ လိုက်လံရှင်းလင်းတင်ပြမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။