ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ မြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ရေထိန်းတံခါးများ တည်ဆောက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     နိုဝင်ဘာ ၁၂

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော်မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ရေလျှံတားတမံ၊ ကျောက်စီမြေထိန်းနံရံများ တည်ဆောက်ကာကွယ်နိုင်ရေး ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစီမံကိန်းများ ရေးဆွဲဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နိုင်ဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ပေါ်၌ ရေထိန်းတံခါး တည်ဆောက်ရေးလုပ်ငန်းများနှင့် ကျောက်စီရေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ပမ္မတီး(ရေကြည်ရပ်ကွက်)အတွင်း မြစ်ရေမြင့်တက်လာပါက အစောဆုံးရေဝင်ရောက်လေ့ရှိသည့် ရေကြည်ချောင်းပေါက်နေရာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသော ရေကြည်ချောင်းရေထိန်းတံခါးတည်ဆောက်ခြင်းလုပ်ငန်းစီမံကိန်းနေရာသို့ သွားရောက်ပြီး ရှင်းလင်းဆောင်၌ အကျယ်(၈)ပေ၊ အမြင့် (၈)ပေရှိ တံခါး (၇)ပေါက်ပါဝင်သည့် သံကူကွန်ကရစ်ရေထုတ်ရေထိန်းတံခါးဆိုင်ရာအချက်အလက်များနှင့် စပ်လျဉ်း၍ ပြည်နယ်ဦးစီးမှူး၏ ရှင်းလင်းတင်ပြမှုအပေါ် ဘတ်ဂျက်နှစ်အလိုက် အရည်အသွေးပြည့်မီစွာ သတ်မှတ်ရာခိုင်နှုန်းအတိုင်း ဆောင်ရွက်ပြီးစီးရေး၊ အပြီးသတ် ဖြည့်စွက်ဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများကိုလည်း ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ စောလျင်စွာ တင်ပြတောင်းခံနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် စီမံကိန်းဧရိယာအတွင်း ကြမ်းခင်းကွန်ကရစ်လောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် Block နေရာများအတွက် သံဆင်ခြင်း၊ အစားထိုးမြေနေရာဖို့ခြင်းလုပ်ငန်းများအပါအဝင် ချောင်းဟောင်းနေရာ မြေသားတမံပိတ်ခြင်းနှင့် ရပ်ကွက်နေပြည်သူများ သွား/လာမှု အဆင်ပြေစေရေး ယာယီချောင်းကူးသစ်သားတံတားသစ် တည်ဆောက်ထားရှိ အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ရှမ်းစုရပ်ကွက်အတွင်းရှိ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်အနီး ဧရာဝတီမြစ်ကမ်းဘေး၌ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသော ငြိမ်းချမ်းရေးဓာတ်တော်တိုက်စေတီ ကမ်းထိန်းလုပ်ငန်းစီမံကိန်းသို့သွားရောက်ပြီး အလျား (၁၄၅)ပေရှိ ကျောက်စီမြေထိန်းတမံ တည်ဆောက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြေထိန်းတမံတည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ဧရာဝတီမြစ်ဆိပ်ရှိ အင်ဂျန်းခချောင်းပေါက်နေရာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် အကျယ် (၈)ပေ၊ အမြင့် (၁၂)ရှိ ရေတံခါး (၃)ပေါက်ပါဝင်သည့် သံကူကွန်ကရစ်ရေထုတ် ရေထိန်းတံခါးတည်ဆောက်ရေး လုပ်ငန်းစီမံကိန်းနေရာသို့ သွားရောက်ခဲ့ကြပြီး ရေထုတ်ရေထိန်းတံခါးတည်ဆောက်ခြင်းလုပ်ငန်းဆိုင်ရာအချက်အလက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှု အခြေအနေများအပေါ် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး စီမံကိန်းဧရိယာအတွင်း စက်ယန္တရာကြီးများဖြင့် Apron သံကူကွန်ကရစ်လောင်းခြင်း၊ အောက်ခံကြမ်းခင်းကွန်ကရစ်လောင်းခြင်းနှင့် ရေထိန်းတံခါးအုတ်မြစ်တူးခြင်းလုပ်ငန်းများအပါအဝင် ရေလွှဲမြောင်းဖောက်လုပ်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ သတ်မှတ်ဘဏ္ဍာနှစ်အတွင်းပြီးစီးအောင် ဆောင်ရွက်ရမည့်ရာခိုင်နှုန်းအတိုင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပြီးစီးရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။