ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်အတူ စုပေါင်းဆင်နွှဲ

မြစ်ကြီးနား     ဒီဇင်ဘာ ၂၇

          ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့ နံနက် ၆ နာရီက ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၌ လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲသူ အများအပြားဖြင့် စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

          အဆိုပါ လမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် သူနာပြုသင်တန်းကျောင်းတို့မှ သင်တန်းသား/ သင်တန်းသူများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့်အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းလူဦရေ ၁၀၀၀၀ ကျော်တက်ရောက်ခဲ့ကြပြီး ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့ စုရပ်မှတာလွှတ်ခဲ့ကြကာ အား/ကာတိုက်တန်း လမ်း၊ ရုံးကြီးလမ်း၊ ထိုမှတစ်ဆင့် ဆွမ်ပရာဘွမ်လမ်း၊ ဘုရင့်နောင်လမ်း၊ ထိုမှ သခင်နက်ဖေလမ်းအတိုင်း စီတာပူမနောကွင်းအထိ တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

          ထို့နောက် မနောကွင်းအတွင်း၌ စုပေါင်းကိုယ်ကာယကြံ့ခိုင်မှု အတွဲအမှတ်(၁)နှင့် (၂)တို့ကို စုပေါင်းလေ့ကျင့်ဆောင်ရွက်ခြင်း၊ Fitness Dance ဖြင့် စုပေါင်းလေ့ကျင့်ခြင်းတို့ကို တစ်ပျော်တစ်ပါးဆောင်ရွက်ခဲ့ကြပြီး လမ်းလျှောက်ပွဲတက်ရောက်ဆင်နွှဲကြသူများအား အားကစားနှင့်ကာယပညာဦးစီးဌာနမှ အိမ်သုံးပစ္စည်းများကို ကံစမ်းမဲဖောက်၍ ပေးအပ်ခဲ့ကြကြောင်း သိရသည်။