ကချင်ပြည်နယ်ဝန်ကြီးချုပ် PDF အမည်ခံလက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း လက်နက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသူများအား လက်ခံကြိုဆိုခြင်းနှင့် ဆုကြေးငွေထောက်ပံ့ခြင်း အခမ်းအနားသို့တက်ရောက်၊ မြစ်ကြီးနားလေဆိပ်လေကြောင်းလိုင်းများ စတင်ပြေးဆွဲနေမှုနှင့် ခရီးသည်များအား လိုက်လံနှုတ်ဆက်အားပေး

မြစ်ကြီးနား ဧပြီ ၄

          မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က PDF အမည်ခံ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်းရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း လက်နက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသူများအား လက်ခံကြိုဆိုခြင်းနှင့် ဆုကြေးငွေများ ထောက်ပံ့ပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

          အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် လူငယ် (၈)ဦးတို့အား ဝမ်းမြောက်စွာကြိုဆိုပါကြောင်း၊ ထို့အပြင် လိုအပ်သည့်ထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အလင်းဝင်ရောက်လာသည့် လူငယ်များအနေဖြင့် မိမိတို့နေထိုင်ရာဒေသအသီးသီးသို့ ပြန်လည်နေ ထိုင်၍ မိသားစုကို ကောင်းမွန်စွာလုပ်ကျွေးပြုစုကြရန်၊ သက်မွေးဝမ်းကြောင်းပညာရပ်များကို ဆက်လက်သင်ကြား၍ အစိုးရသစ်နှင့်အတူ နိုင်ငံနှင့်လူမျိုး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ကြစေလိုကြောင်း အားပေးပြောကြားသည်။

          ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးက အလင်းဝင်ရောက်လာသောလူငယ်များ အသိပညာပေးစကားပြောကြားပြီး ဥပဒေဘောင်အတွင်း အလင်းဝင်ရောက်လာကြသော လူငယ်(၈)ဦးတို့မှ ၎င်းတို့နှင့်အတူပါလာသော လက်နက်/ခဲယမ်းများကိုအပ်နှံမှုကို လက်ခံရယူသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း အလင်းဝင်ရောက်လာသော လူငယ်(၈)ဦးတို့အား ထောက်ပံ့ပစ္စည်းများနှင့် ဆုကြေးငွေများကို အသီးသီးပေးအပ်ခဲ့ကြရာ အလင်းဝင်ရောက်လာသော ခေါင်းဆောင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အလင်းဝင်လူငယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ ၎င်းတို့၏အတူ အပ်နှံလာသော လက်နက်/ခဲယမ်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားလေဆိပ်သို့သွားရောက်ပြီး ဖေ‌ဖော်ဝါရီ ၂၁ ရက်နေ့ကစတင်၍ ရက်ပေါင်း ၄၀ ကျော် ရပ်နားထားခဲ့ရသည့် လေကြောင်းခရီးစဉ်များစတင်၍ ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ရာ လေကြောင်းလိုင်းဖြင့် လိုက်ပါမည့်ဒေသခံပြည်သူများ၊ Air Than Lwin လေကြောင်းလိုင်း လေဆိပ်၌ ရပ်နားလာမှု အခြေ အနေများနှင့် လေကြောင်းလိုင်းဖြင့် လိုက်ပါလာသောခရီးသည်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲပေးမည့် အစီအစဉ်များအား လိုက်လံရှင်းလင်းပြောကြားခဲ့ကြကာ လေယာဉ်အတက်/အဆင်း ဆောင်ရွက်မှုများကို စောင့်ကြည့်စစ်ဆေးခဲ့ကြသည်။

          အဆိုပါ လေကြောင်းခရီးစဉ်များ ရပ်နားထားရခြင်းသည် ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက မြစ်ကြီးနားလေဆိပ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ဒရုန်းနှင့် တိုက်ခတ်မှုကြောင့် မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်ထိခိုက်ပေါက်ကွဲခဲ့သဖြင့် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစတင်၍ ရပ်နားထားခြင်းဖြစ်ပြီး လေကြောင်းခရီးစဉ်များ ရပ်နားထားမှုကြောင့် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းစစ်ဌာနချုပ်တို့က လုံခြုံရေးဆိုင်ရာအစီအမံများ ဆောင်ရွက်နိုင်ခဲ့သဖြင့် ယနေ့ ဧပြီ ၄ ရက်နေ့မှစတင်၍ မြစ်ကြီးနားလေဆိပ်သို့ ပုံမှန်ရပ်နားလျက်ရှိသည့် လေကြောင်းလိုင်း (၄)ခုလုံးက ပုံမှန်အတိုင်း ပြေးဆွဲသွားမည်ဖြစ်သည့်အပြင် ပူတာအိုလေဆိပ်သို့လည်း တစ်ပတ်လျှင်နှစ်ရက် ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း လေဆိပ်တာဝန်ခံထံမှ သိရသည်။