ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ဗလမင်းထင်တံတားအောက် သောင်တူးဖော်ခြင်းနှင့် နောင်တာလောကျွန်း Secondary Channel သောင်တူးဖော်ခြင်းလုပ်ငန်းအတွက် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဒီဇင်ဘာ ၂၉

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေးအတွက် ပြည်နယ်အစိုးရဖွဲ့အနေဖြင့် မြို့၏ မြစ်ရေနှင့်ထိစပ်သည့် ဧရိယာတစ်လျှောက် ကျောက်စီမြေထိန်း တမံများ၊ ရေထိန်းတံခါးစီမံကိန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ရေကြောင်းဖွံ့ဖြိုးရေးအတွက် မြစ်တွင်းသောင်တူးဖော်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

          အဆိုပါ လုပ်ငန်းစီမံကိန်းများနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်က ဧရာဝတီမြစ်ရေကြီးမြင့်ဖြစ်စဉ်ကို ၁၉၇၉ ခုနှစ်၊ ၂၀၀၄ ခုနှစ်နှင့် ၂၀၂၄ တို့တွင် ဆိုးရွားစွာခံစားခဲ့ရပြီး အထူးသဖြင့် ၂၀၂၄ ခုနှစ် ရေကြီးမှုကြောင့် မြို့၏ ၄၀ ရာခိုင်နှုန်းခန့် ရေကြီးနစ်မြှုပ်ခဲ့ရပြီး ဘီလီယံ ၁၀၀ ခန့် ပျက်ဆီးဆုံးရှုံးခဲ့သည်ကို အားလုံးသိပြီးဖြစ်ပါကြောင်း၊ ထို့အပြင် မြစ်ကြမ်းပြင်သည် ယခုနှစ်တွင် (၉)ပေမြင့်တက်လာကြောင်း ပညာရှင်များ၏လေ့လာမှုအရသိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ရေလျှံတားနံရံနှင့် တမံများ၊ အုတ်ရိုးစီကာရံခြင်းလုပ်ငန်းနှင့် ရေထိန်းတံခါးတည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ရေလမ်းကြောင်းကောင်းမွန်စွာ စီးဆင်းရေးအတွက်ကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့အစည်းအဝေးတွင် ထိရောက်သော လုပ်ငန်းဖြစ်သည့် သောင်တူးခြင်းလုပ်ငန်းအတွက် အားလုံးက ဝိုင်းဝန်းပါဝင်ဆွေးနွေးပြီး မြို့ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ကြိုးစားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်က ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်ရေး(သောင်တူးဖော်ခြင်း)လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများနှင့် အဆိုပါ သဲသောင်များရှင်လင်းခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာများက ရေစီးကြောင်းကောင်းမွန်စွာ စီးဆင်းရေးအတွက် ဗလမင်းထင်တံတားအောက် သောင်တူးခြင်းလုပ်ငန်းနှင့် နောင်တာလောကျွန်း Secondary Channel သောင်တူးဖော်ခြင်းလုပ်ငန်းများအတွက် သုံးသပ်ဆွေးနွေးတင်ပြကြရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းစီမံကိန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်သွားရမည့် အစီအမံများအပေါ် ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့သည်။

          ယင်းနောက် ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သဲသောင်တူးဖော်ခြင်းလုပ်ငန်းများအတွက် ကော်မတီဖွဲ့စည်းပြီး စနစ်တကျ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

          အဆိုပါ သောင်တူးခြင်းလုပ်ငန်းကို ယမန်နှစ်က ဗလမင်းထင်တံတားအောက်ရှိ သောင်ခုံအား အလျား ၄၂၀၀ ပေ၊ အကျယ် ၁၆၅ ပေ၊ အနက် ရေစစ်မျဉ်းအောက် ၁ ဒဿမ ၈ မီတာတူးဖော်ဆောင် ရွက်နိုင်ခဲ့ပြီး အလျား ၄၂၀၀ ပေ၊ အကျယ် (၇၅)ပေ၊ အနက် ရေစစ်မျဉ်းအောက် ၂ မီတာ ဆက်လက် တူးဖော်သွားမည်ဖြစ်သည့်အတွက် ဗလမင်းထင်တံတား အဝင်ရေကြောင်းကောင်းမွန်စေမည့်အပြင် ရေကြောင်းဖြောင့်တန်းစေခြင်းကြောင့် မျှော်မှန်းရေလမ်းကြောင်း Master Plan အား အထောက် အကူဖြစ်စေမည်ဖြစ်ကြောင်းနှင့် နောင်တာလောကျွန်းတွင် Secondary Channel အတွက် အလျား ၉၀၀၀ ပေ၊ အကျယ် (၁၃၀)ပေ၊ အနက်ရေစစ်မျဉ်းအောက် ၂ မီတာထိ သောင်တူးဖော်ရှင်းလင်းသွားမည်ဖြစ်သည့်အတွက် မြစ်ကြီးနားဘက်ကမ်း ရေကြီးမှုအားလျော့ကျစေပြီး ဝိုင်းမော်ဘက်ကမ်း ရေ ကြီးနစ်မြှုပ်ချိန်အား လျော့နည်းစေမည်ဖြစ်သည့်အပြင် ဒေသခံစက်လှေများ တစ်နှစ်ပတ်လုံးသွား လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ရေကြီးမြင့်မှုမှ ကာကွယ်ရေး ၂၀၂၅-၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင် ပြည်နယ်ထောင်စုနှင့် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေများမှ သိန်းပေါင်း(၄၀၀၀၀)ကျော်ဖြင့် အင်ဂျန်းခချောင်းရေထိန်းတံခါးကို လည်းကောင်း၊ သိန်းပေါင်း (၈၀၀၀၀)ကျော်ဖြင့် ရေကြည်ချောင်း ရေထိန်းတံခါးကို လည်းကောင်း တည်ဆောက်လျက်ရှိသည့်အပြင် ဗလမင်းထင် တံတားအထက်၌ လည်း ရေလျှံတားနံရံနှင့် တမံအလျားစုစုပေါင်း (၁၅၄၅)ပေ ဆောင်ရွက်လျက်ရှိပြီး မြို့နေပြည်သူ များ၊ လုပ်ငန်းရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် စည်ပင်သာယာဆိပ်ကမ်းမှ ဆုတောင်းပြည့်ဘုရားထိ အလျား  ၄၁၆၉ ပေ အုတ်ရိုးစီကာရံခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။