မြစ်ကြီးနား ဇန်နဝါရီ ၄
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်၊မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၃ ရက် ညနေ ၃ နာရီက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အဖြစ် ဆက်လက်ကျင်းပမည့် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးရာတွင် ကြန့်ကြာမှုမရှိစေရေး အဆိုင်း (၂)ဆိုင်းခွဲ၍ လက်တွေ့စမ်းသပ် ဆန္ဒမဲပေးနေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ကချင်ပြည်နယ်တာဝန်ခံ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် အပိုင်း(၂)အဖြစ် ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည့် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (မိုင်းနား)၌ ဖွင့်လှစ်သွားမည့် မဲရုံအမှတ် (၃၉)၌ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံဝန်ထမ်းများက ကျေးရွာအတွင်းမှ မဲဆန္ဒရှင် ပြည်သူများအား ဆန္ဒမဲပေးရာတွင် လွယ်ကူချောမောစွာ မဲပေးနိုင်ရေး အဆိုင်း (၂)ဆိုင်းခွဲ၍ သက်ဆိုင်ရာလွှတ်တော်အလိုက် မဲပေးစက်ဖြင့် မဲပေးခြင်းလုပ်ငန်းစဉ်အတိုင်း လျှို့ဝှက်ဆန္ဒမဲပေးခြင်းအား စမ်းသပ်သရုပ်ပြမဲပေးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် မဲဆန္ဒရှင် ပြည်သူများနှင့် မဲရုံတာဝန်ကျဝန်ထမ်းများအား ကြန့်ကြာမှုမရှိစေဘဲ လွယ်ကူချောမွေ့စွာ မဲပေးနိုင်ရေးကို အလေးအနက်ထား စီစဉ်ဆောင်ရွက်ပေးသွားကြရန်နှင့် လမ်းညွှန်ချက်များအတိုင်း တာဝန်ကျဝန်ထမ်းများက ကူညီဆောင်ရွက်ပေးကြရေး၊ ပြည်သူများ မဲရုံ၌ လာရောက်မဲပေးနိုင်ရန် သွားလာရလွယ်ကူအောင် ဆောင်ရွက်ပေးကြရေးနှင့် မဲစာရင်းနှင့် မဲစာရင်း နံပါတ်စဉ်အား ဖြန့်ဝေပေးထားနိုင်ရေး၊ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားများ တပါးတည်းယူဆောင်လာရန် မဲပေးမည့်နေ့ရက် မတိုင်မီနှင့် မဲပေးမည့် နေ့ရက်တို့တွင် လိုက်လံတိုက်တွန်းနှိုးဆော်ကြရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

