ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ် ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ လုံခြုံရေး ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ရေး မြန်မာ့သိုင်းသင်တန်းဆင်းပွဲသို့ တက်ရောက်၍ ထူးချွန်သင်တန်းသားများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဇန်နဝါရီ ၇

          ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာနနှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်း(ကချင်ဇုန်)တို့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့သည့် မြစ်ကြီးနားမြို့ပေါ် ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ လုံခြုံရေးဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ရေး မြန်မာ့သိုင်းသင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက် ရွှေပြည်စံခန်းမ၌ ကျင်းပပြုလုပ်သည်။

          အဆိုပါ သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဟိုတယ်နှင့်ခရီးသွားကဏ္ဍအနေဖြင့် ဝန်ဆောင်မှုအဆင့်အတန်း၊ အဆင့်မြှင့်အသုံးအဆောင်များ၊ ဖော်ရွေပျူငှာမှုတို့အပြင် စွမ်းဆောင်ရည်မြင့်မားသည့် လုံခြုံရေးအစီအမံများသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်အနေဖြင့် သတ်မှတ်ထားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာ့သိုင်းသည် မြန်မာတို့၏ ရိုးရာယဉ် ကျေးမှုအမွေအနှစ်ပညာရပ်ဖြစ်သည့်အတွက် မိမိတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းပင်ဖြစ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

          ယင်းနောက် မြန်မာ့သိုင်း သင်တန်းသား/သင်တန်းသူများက သင်တန်းတွင် လက်တွေ့ လေ့ကျင့်သင်ကြားခဲ့ရသော အခြေခံ (၆၃) မောင်း၊ လက်နက်မဲ့တိုက်ခိုက်မှုစွမ်းရည်၊ မူမတူ လက်နက်ကိုင်သိုင်းစွမ်းရည်၊ ဗန်ဒိုသိုင်းစွမ်းရည်၊ ဝိုင်းကြီးထွက်သိုင်းပညာစွမ်းရည်များနှင့် သင်တန်းနည်းပြများက အဲမောင်းလှံရှည်သိုင်း၊ ဇရက်တောင်ပျံဓါးရှည်နှစ်လက်စွမ်းရည်နှင့် မြန်မာ့ဓားရေးစွမ်းရည်များ စသည့်ဖြင့် လက်တွေ့သရုပ်ပြသတိုက်ခိုက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များအားလည်းကောင်း၊ သင်တန်းသားများထဲမှ သင်တန်းသားထူးချွန်ဆု၊ သင်တန်းသားစွမ်းရည်ဆုနှင့် ထူးခြားမြတ်နိုးဖွယ်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းနည်းပြများ၊ သင်တန်းသားများ၊ တက်ရောက်လာသူများနှင့်အတူ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြကြောင်း သိရသည်။