ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ရေထိန်းတမံ၊ ရေထိန်းတံခါးစီမံကိန်းများ၊ မြစ်ရေနှင့်ထိစပ်သည့် မြို့ဧရိယာတစ်လျှောက်လုံးတွင် ကမ်းနားလမ်းဆောင်ရွက်နိုင်ရေးနှင့် ပြည်နယ်တရားလွှတ်တော်ရုံး တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇန်နဝါရီ ၈

          ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့တွင် ၂၀၂၄ ခုနှစ်က ဧရာဝတီမြစ်ရေ စံချိန်တင် ကြီးမြင့်မှုကြောင့် မြို့ဧရိယာ၏ ၄၀ ရာခိုင်နှုန်း နီးပါးရေကြီးနစ်မြှုပ်ခဲ့သည့်အပြင် ဘီလီယံပေါင်းများ စွာဆုံရှုံးခဲ့ရသဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် မြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းစီမံကိန်းများကို ဦးစားပေးကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၌ ကျောက်စီရေထိန်းတမံ၊ ရေထိန်း တံခါးများနှင့် ကမ်းနားလမ်းဖောက်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စည်ပင်သာယာမြစ်ဆိပ်နေရာမှ မင်းရပ်ရပ်ကွက် ပြည်သူ့ရင်ပြင်အထိ ဧရာဝတီမြစ်ရေ အမြင့်ဆုံးမြင့်တက်လာနိုင်သည့် ၁၄၀၀ စင်တီမီတာအထက် ၁၄၅၀ စင်တီမီတာအမြင့်ထိ ကာကွယ်နိုင်မည့် ကျောက်စီရေထိန်းနံရံအပြင် အဆိုပါ ဧရိယာအတွင်း ပါဝင်သည့် ရေစင်ကွင်းဈေးဧရိယာနှင့် မင်းရပ်ပြည်သူ့အားကစားကွင်းတစ်လျှောက် တာရိုးလမ်း (ကမ်းနားလမ်း) အရှည် ၂၁၀၀ ပေ ဖောက်လုပ်နိုင်ရေး လမ်းတစ်လျှောက်ကွင်းဆင်းစစ်ဆေးကြခဲ့ပြီး တည်ဆောက်ပြီးစီးထားသည့် အုတ်ရိုးစီရေထိန်းနံရံ အလျား ၄၉၀၀ ပေနှင့် တစ်ဆက်တည်းဖြစ်စေရေး၊ ကမ်းနားလမ်းပေါ်ပေါက်လာပါက သန့်ရှင်းသပ်ရပ်သွားမည်ဖြစ်သည့်အပြင် ရေကြီးမှုကိုလည်း ကာကွယ်နိုင်မည်ဖြစ်သည့်အတွက် မြစ်ရေနှင့် ထိစပ်လျက်ရှိသည့် မြို့ ဧရိယာရေမိုင် ၁၈ မိုင်အတွင်း စနစ်တကျ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

          ထို့နောက် သီတာရပ်ကွက်နှင့် စီတာပူရပ်ကွက်အတွင်း အင်ဂျန်းခချောင်းရေထိန်းတံခါး စီမံနေရာမှတစ်ဆင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော ကျောက်စီမြေထိန်းတမံ အလျား ၂၈၀ ပေ တည်ဆောက်သွားနိုင်ရေး မြေယာရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေနှင့် တစ်ဆက်တစ်စပ်တည်း  လောကမာရ်အောင် ဆုတောင်းပြည့်ဘုရားဆိပ်ကမ်းအထိ လိုအပ်လျက်ရှိသည့် အလျားပေ ၂၆၀ အား တိုးချဲ့တည် ဆောက်နိုင်ရေးနှင့် ရေထိန်းတမံပေါ်တွင် တာရိုးလမ်းတစ်ပါတည်း ဖောက်လုပ်နိုင်ရေးတို့အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး အင်ဂျန်းခချောင်းအား ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသော ရေထိန်းတံခါးစီမံကိန်းလုပ်ငန်းအားလည်းကောင်း၊ ကမ်းနားတစ်လျှောက် ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် သောင်ခုံပေါ်တွင် နေကြာစိုက်ပျိုးထားရှိမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မန်ခိန်ရပ်ကွက်အတွင်း တည်ဆောက်လျက်ရှိသော ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အဦသစ် တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်နှင့်တရားရေးဝန်ထမ်းများ၊ အဆောက်အဦအား တာဝန်ယူဆောက်လုပ်လျက်ရှိသည့် G-3 ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက တည်ဆောက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ကြက်ပေါင်းခြံရပ်ကွက်အတွင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျက်ရှိသော အကျယ် (၈) ပေ၊ အမြင့် (၈) ပေရှိ သံကူ ကွန်ကရစ် ရေထိန်းတံခါး (၇)ခုပါဝင်သော ရေကြည်ချောင်း ရေသွင်း/ရေထုတ်တံခါး တည်ဆောက်ရေး စီမံကိန်းဧရိယာအတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက် မည့် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖွင့်လှစ်သွားမည့် Polytechnic University သို့ သွားရောက်ပြီး ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် ဖွင့်ပွဲအခမ်းအနားနှင့် အတူ ကျောင်းသား/ ကျောင်းသူများ၏ Project Show ပြသနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။