ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အကြိုမနောအကအားဖွင့်လှစ်၍ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်အတူ စုပေါင်းဆင်နွှဲ၊ ပြည်နယ်နေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား     ဇန်နဝါရီ ၉

         ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မနောပွဲပထမနေ့အခမ်းအနားနှင့် အကြိုမနောအကကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြု လုပ်ခဲ့ကြသည်။

          ရှေးဦးစွာ မနောကွင်းရှေ့၌ မနောအက ပထမနေ့အတွက် မနောအကဖြင့် စုပေါင်းဆင်နွှဲ နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ကို ကြိုဆို သောအားဖြင့် အကြိုမနောပွဲကို အတူတကွ ပျော်ရွှင်စွာ ပူးပေါင်းဆင်နွှဲခွင့်ရသည့်အတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယနေ့မနောပွဲတွင် ပါဝင်ဆင်နွှဲကြသူများအားလုံး ကျမ်းမာ၊ ချမ်းသာ ပြီး အောင်မြင်သော ဘဝကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေကြောင်းနှင့် ကချင်ပြည်နယ်ကြီး အေးချမ်း သာယာဖွံ့ဖြိုးတိုးတက်သော ပြည်နယ်ဖြစ်လာပါစေကြောင်းဖြင့် ဆုမွန်ကောင်းတောင်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

          ထို့နောက် ကတ်သလစ်အသင်းတော် ဘုန်းတော်ကြီးက (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အတွက် မနောအကအတွက် ကောင်းချီးတောင်းခံ၍ ဆုတောင်းဆက်ကပ်အပ်နှံပေးသည်။

          ယင်းနောက် မနောအကကို မနောအကဦးဆောင်သူ နောင်ရှောင်များနှင့်အတူ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဇနီး၊ ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုး၊ ဗမာနှင့် ရခိုင်၊ ကရင် ချင်း စသည့် တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုအသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ မနောကွင်းအတွင်း ရိုးရာအစဥ်အလာနှင့်အညီ မနောအကကို အတူတကွတစ်ပျော်တစ်ပါး စုပေါင်းဆင်နွှဲခဲ့ကြသည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဘောလုံးကွင်းအတွင်း၌ ကချင် ပြည်နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင်များ ပူးပေါင်း၍ (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် ဒူဒူရှရော်အသင်းနှင့် Kachin Youth FC အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြရာ Kachin Youth FC အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသည်။

          ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်စက်သုံးဆီလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌက ပြိုင်ပွဲဝင်အသင်း(၈)သင်းအတွက် တစ်သင်းလျှင် ငွေကျပ် (၅)သိန်းစီကို လည်း ကောင်း၊ ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဖြစ်မြောက်ရေး အတွက် ပါဝင်ကူညီခဲ့ကြသော သူများအား ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက နေရာအလိုက် အကောင်းဆုံးဆုများနှင့် ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးဆုရရှိသူများအား လည်းကောင်း အသီးသီးဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တတိယနှင့် ဒုတိယဆုရအသင်းများ အားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရအသင်းအတွက် လည်းကောင်း တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ၊ တံခွန်စိုက်ဆုဖလားတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲသို့ တက်ရောက်ပြီး ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြိးများ၊ အထက်မြန်မာပြည် ရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။

          ထို့နောက် မိုးလုံလေလုံအားကစားခန်းမ၌ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲအဖြစ် ရွှေခါးပတ်ချန်ပီယံ ထွန်းနိုင်ဦးနှင့် သိန်း(၃၀)အောင်လံဆုရ အောင်ကိုလတ်တို့ တွဲဆိုင်းအပါအဝင် ရိုးရာ လက်ဝှေ့ကလပ် များဖြစ်ကြသည့် YMA ကလပ်၊ ကျားဖေဖေကလပ်၊ မြစ်ကြီးနားကလပ်၊ Nine Lethwei Club၊ ရွှေအောင်လံကလပ်၊ ဘွန်းဒူကလပ် စသည့် ကလပ်အသစ်များမှ ခါးပတ်ပိုင်ရှင်များ၊ လူငယ်မျိုးဆက် သစ်လက်ဝှေ့သမားများ၏ ယှဉ်ပြိုင်ထိုးသတ်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ရိုးရာလက်ဝှေ့ပွဲအတွက် ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ်သိန်း (၅၀)၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ငွေကျပ် သိန်း (၅၀)တို့နှင့်အတူ စိန်ခေါ်ထိုးသတ်သူများအတွက် ဆုငွေများကို အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။