ကချင်ပြည်နယ်ဝန်ကြီးချုပ် လီဆူရိုးရာယဉ်ကျေးမှုကွင်း၌ ဧရာဝတီမြစ်ဆုံ-မြစ်ညှာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များ၊ ပညာရှင်များနှင့် ဒေသခံပြည်သူလူနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်၊ပြည်နယ်လွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇန်နဝါရီ  ၂၉

          ဧရာဝတီမြစ်ဆုံ-မြစ်ညှာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များ၊ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့မှ ပညာရှင်များနှင့် ‌လီဆူတိုင်းရင်းသား မျိုးနွယ်စုများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်အတွင်းရှိ လီဆူရိုးရာယဉ်ကျေးမှုကွင်းအတွင်းရှိ ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

          အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ တွေ့ဆုံဆွေးနွေးပွဲသည် ဒေသခံတိုင်းရင်းသားများနှင့် မိဘပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် အဓိကကျသည့် စွမ်းအင်လိုအပ်ချက်၊ စွမ်းအင်ရရှိမှုဆိုင်ရာ စီမံကိန်းများနှင့် စပ်လျဉ်းပြီး ဧရာဝတီမြစ်ဆုံ-မြစ်ညှာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ သိသင့်သိထိုက်သည်များကို ပညာရှင်များက ရှင်းလင်းဆွေးနွေး ဟောပြောပေးသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တက်ရောက်လာကြသူများအနေဖြင့် ဟောပြောဆွေးနွေးချက်များအပေါ် ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးပေးကြစေလိုကြောင်းနှင့် မိမိတို့ ပြည်နယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး အားလုံးက လက်တွဲပြီး ဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ဝင်၊ ငလျင်နှင့် အင်ဂျင်နီယာဘူမိဗေဒပညာရှင် ဒေါက်တာအေးလွင်က ငလျင်လှုပ်ခတ်မှုဆိုင်ရာ အခြေခံသဘောတရားများအကြောင်းနှင့် ရေလှောင်တမံတည်ဆောက်မှုဆိုင်ရာပုံစံများအကြောင်း သိကောင်းစရာများ၊ ရေအားလျှပ်စစ်ဒီဇိုင်းပညာရှင် ဒေါ်မြကြေးမုံက ရေအားလျှပ်စစ်ထုတ်ယူသုံးစွဲမှုနှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ ကမ္ဘာ့နိုင်ငံကြီးများမှ ရေအားလျှပ်စစ်စီမံကိန်းကြီးများ အကြောင်းများကိုလည်းကောင်း၊ မြစ်ကြောင်းထိန်းသိမ်းရေး ပညာရှင် ဦးဇော်လွင်က ဧရာဝတီမြစ်နှင့်စပ်လျဉ်း၍ မြစ်ကြောင်းဖြစ်ပေါ်မှု အခြေအနေများနှင့်ထိန်းသိမ်းဆောင်ရွက်နိုင်သည့် နည်းလမ်းများကိုလည်းကောင်း၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှုပညာရှင် ဦးဟိန်းထက်က မြစ်များဖြစ်ပေါ်လာမှု၊ တမံများ တည်ဆောက်ခြင်း၊ စွမ်းအင်ရရှိမှု၊ နည်းပညာနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ပါဝါပွိုင့်များဖြင့် ဆွေးနွေးဟောပြောခဲ့ကြ သည်။

ယင်းနောက် တက်ရောက်လာကြသည့် လီဆူတိုင်းရင်းသားများ၊ ဘာသာရေးဆရာများက ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဟောပြောဆွေးနွေးမှုများအပေါ် ၎င်းတို့၏ အမြင်သဘောထားများ၊ ဖြည့်စွက်သိလိုသည်များနှင့်စပ်လျဉ်း၍ မေးမြန်း ဆွေးနွေးကြရာ ပညာရှင်များက မေးမြန်းဆွေးနွေးမှုများအ‌ပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြပြီး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များ၊ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့မှ ပညာရှင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ လီဆူမျိုးနွယ်စုဝင်ဘာသာရေးဆရာများ၊ မျိုးနွယ်စုခေါင်းဆောင်များ၊ လူငယ်အဖွဲ့အစည်းများ၊ ဒေသခံများ စုစုပေါင်း လူဦးရေ (၁၀၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် နံနက်ပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ ဝင် ဝန်ကြီးများနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်နိုင်ရေးအတွက် ကချင်ပြည်နယ်လွှတ်တော်ရုံး အဆောက်အဦအတွင်း ပြင်ဆင်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရေးအတွက်  ပြည်နယ်လွှတ်တော်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လွှတ်တော်အစည်းဝေးခန်းမ၌ ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဒေါက်တာယိန်းညော်က ပြည်နယ်လွှတ်တော် အဆောက်အဦအတွင်း ဖွဲ့စည်းတည်ဆောက်ထားရှိမှု အခြေအနေများ၊ လွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က အစည်းအဝေးကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လွှတ်တော်အစည်းအဝေးခန်းမ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ အဆောက်အဦအတွင်းရှိ အစည်းအဝေးခန်းမများ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့၏ ရုံးခန်းများ၊ လွှတ်တော်ကော်မတီအရပ်ရပ်၏ ရုံးခန်းများ၊ Banque ခန်းမ စသည့်တို့အပြင် ရုံးအဖွဲ့ဝန်ထမ်းများ၏ ဌာနစုအလိုက် ရုံးခန်းများ ဖွဲ့စည်းထားရှိမှု အခြေအနေများ၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ မော်တော်ယာဉ် ပြင်ဆင်ထိန်းသိမ်းထားရှိမှုအခြေအနေများနှင့် လွှတ်တော် ကိုယ်စားလှယ် တည်းခိုရိပ်သာဆောင်များ၊ ဝန်ထမ်းအိမ်ရာများ၊ လျှပ်စစ်မီးနှင့် ရေလုံလောက်စွာရရှိရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လုံခြုံရေးအတွက် စီမံဆောင်ရွက်သွားမည့် အခြေအနေများနှင့် လွှတ်တော်စာကြည့်တိုက်အတွင်း ကိုယ်စားလှယ်များအတွက် ဥပဒေဆိုင်ရာကိစ္စရပ်များတွင် ကိုးကားလေ့လာနိုင်ရေး စာအုပ်စာစောင်များ စုဆောင်းထားရှိမှု အခြေအနေများကို လွှတ်တော်ရုံး တာဝန်ရှိသူများနှင့်အတူ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြင်ဆင် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအပေါ် အလေးအနက်ထား ပြင်ဆင်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။