မြစ်ကြီးနား ဇန်နဝါရီ ၂၈
Polytechnic University(မြစ်ကြီးနား)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဆောင်းရာသီပါမောက္ခချုပ်ဖလားအားကစားပြိုင်ပွဲများဖွင့်ပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ်ရှိဖူဆယ်အားကစားရုံ၌ ယနေ့ မွန်းလွဲ ၁ နာရီကကျင်းပရာကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်အားပေးသည်။
ရှေးဦးစွာ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ယခုပညာသင်နှစ်တွင် Polytechnic University (မြစ်ကြီးနား)၌ ကျောင်းသား/ကျောင်းသူ (၁၀၃၃)ဦးအထိ တက်ရောက်ကြသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ယခုအားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်ကြမည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ဇွဲ၊ စိတ်ဓာတ်ကို အရင်းခံ၍ တရားသော ယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရယူရေး၊ စည်းကမ်းရှိပြီး စည်းလုံးညီညွှတ်သည့် အသင်းများအဖြစ် ဖော်ပြကြရေးနှင့် မိမိတို့ရဲ့ မူလပန်းတိုင်ဖြစ်သည့် ပညာရှင်ကောင်းတစ်ယောက်ဖြစ်လာနိုင်ရေး၊ အားကစားတွင်သာမက ဘာသာရပ်အသီးသီးတွင် ထူးချွန်ထက်မြက်ပြီး ကျင့်ဝတ်များကို လိုက်နာသည့် အင်ဂျင်နီယာပညာရှင်၊ ကွန်ပျူတာပညာရှင်များဖြစ်လာကြစေရေး ကြိုးပမ်းအားထုတ်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် Polytechnic University (မြစ်ကြီးနား)၏ တာဝန်ခံပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးက ဆောင်းရာသီ အားကစားပြိုင်ပွဲများ ပြုလုပ်ကျင်းပပေးရသည့် ရည်ရွယ်ချက်များနှင့် အားကစားနည်းအလိုက် ကျင်းပဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက အားကစားပြိုင်ပွဲများအတွက် အားကစားအထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ် (၅၄၉၀၀၀၀)ကို တာဝန်ခံပါမောက္ခချုပ်ထံ ပေးအပ်သည်။
ဆက်လက်၍ ဖူဆယ်ဘောလုံးပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် အမျိုးသမီး(EP)အသင်းနှင့် (EC)အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ကျောင်းသား/ကျောင်းသူများ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ Polytechnic University(မြစ်ကြီးနား)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဆောင်းရာသီပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများအဖြစ် အမျိုးသမီး/အမျိုးသား ဘောလုံး၊ ဖူဆယ်ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်စုစုပေါင်းကျောင်းသား/ ကျောင်းသူဦးရေ (၃၁၈) ဦးတို့ ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ပြည်နယ်ဝန်ကြီးသည် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ ပြည်နယ်သစ်တောဦးစီး ဌာနရုံး၌ သယံဇာတရေးရာဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနများမှ အရာထမ်း/ အမှု ထမ်းများ၏ စုပေါင်းထမနဲထိုးပွဲသို့သွားရောက်ပြီး ပြည်နယ်ဦးစီးမှူးများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများနှင့်အတူ မြန်မာ့တို့၏ရိုးရာအစဉ်အလာမပျက် ဌာနတွင်း စုပေါင်းထမနဲခြင်းကို ကြည့် ရှုအားပေးခဲ့ကြပြီး ထမနဲထိုးခြင်းလုပ်ငန်းတွင် ပါဝင်သူများအား ပြည်နယ်ဝန်ကြီးက ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။




