ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၉)နှစ်မြောက် ပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တုရင်ပြိုင်ပွဲ ကျင်းပနေမှုအား ကြည့်ရှုအားပေး၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီတိမ်းရှောင် အိမ်ထောင်စုများ မိုးမကျမီအမိုးအကာဖြင့် ရေ၊ မီးပြည့်စုံစွာ နေထိုင်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၁

          ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ နံနက်ပိုင်းမှ စတင်၍ ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် အားကစားပြိုင်ပွဲများအနက် အလွတ်တန်းဖိတ်ခေါ် စစ်တုရင်ပြိုင်ပွဲအား ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ စတင်ကျင်းပပြုလုပ်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

          ထိုသို့ သွား‌ရောက်ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနရုံး အပေါ်ထပ်ခန်းမ၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်တုရင်ဆပ်ကော်မတီက ဦးဆောင်၍ အလွတ်တန်းဖိတ်ခေါ်စစ်တုရင်ပြိုင်ပွဲအား ပြည်နယ်လက်ရွေးစင်များအပါအဝင် အတွဲပေါင်းများစွာဖြင့် ကျင်းပပြုလုပ်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကစားသမားများနှင့် ရင်းရင်းနှီးနှီးမိတ်ဆက်တွေ့ဆုံကာ စစ်တုရင်အားကစားနည်းသည် ပြည်နယ်အတွက် လိုအပ်ချက်များစွာရှိနေသေးသည့်အတွက် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်လေ့ကျင့်နိုင်ရေး ကြိုးစားကြရန်လိုကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့သည်။

          အဆိုပါ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြစ်ကြီးနားမြို့၌ ဘိလိယက်နှင့် စနူကာအလွတ်တန်းပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲ၊ ဘောလုံးဂိုးလတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

          ထို့အပြင် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မန်ခိန်ရပ်ကွက်အတွင်းရှိ မန်ခိန်ဆရာကထောင်နှစ်ခြင်းအသင်းတော် ဖွံ့ဖြိုးရေးသာသနာခြံ၌ ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဖားကန့်မြို့နယ် မော်မောင်းလယန်ကျေးရွာမှ ယာယီတိမ်းရှောင်အိမ်ထောင်စု(၇၃)စုအတွက် နေအိမ်တန်းလျားအသစ်များ တည်ဆောက်ပြီးစီးမှုအပေါ် အိမ်ထောင်စုများ နေရာချထားပေးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စခန်းတာဝန်ခံနှင့် မိသားစုများအား လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ခြံဝင်းအတွင်း တဘတ်ယန်ကျေးရွာမှ ယာယီတိမ်းရှောင်အိမ်ထောင်စု (၅၂)စုတို့အတွက် နေထိုင်မှုအခြေအနေများကို မေးမြန်းကာ မီးဖိုဆောင်ဆောက်လုပ်နိုင်ရေးအတွက် ဝါး၊ တာပေါ်လင်ဝယ်ယူနိုင်ရေး ထောက်ပံ့ငွေကျပ် ၃၀ သိန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး မိုးတွင်းကာလအတွက် ‌ခြံဝင်းပတ်ပတ်လည်တွင် မြေသားရေနှုတ်မြောင်း ၁၄၅၀ ပေ တူးဖော်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ စခန်းအတွင်း၌ သောက်သုံးရေ၊ ချိုးရေရရှိရေးအတွက် ရေတွင်းတူးဖော်ပေးနိုင်ရေး ငွေကျပ် (၇၅)သိန်းကို ထောက်ပံ့ပေးအပ်ကာ အိမ်ထောင်စုများအတွက် ဟင်းသီးဟင်းရွက်များနှင့် မီးဖိုချောင်သုံးပစ္စည်းများအား ဝယ်ယူပံ့ပိုးပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန်ခိန်ရပ်ကွက်၊ ကွင်းအမှတ်(၄) ယောရင်ကွင်းအတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင်နေရာ၌ ခရစ်ယာန်အသင်းတော်ခြံဝင်းများနှင့် မိဘမဲ့ဂေဟာခြံဝင်းများတွင် ယာယီနေထိုင်လျက်ရှိသော အိမ်ထောင်စုများ မိုးမကျမီ အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး ယာယီနေအိမ်တန်းလျားများ တည်ဆောက်ပေးလျက်ရှိသည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ မြေဧရိယာအတွင်း ဝိုင်းမော်မြို့နယ် နောင်ဟီးစခန်း၊ LBC စခန်း၊ ဝါးရှောင်၊ ဆဒုံးတို့မှ ယာယီတိမ်းရှောင် အိမ်ထောင်စုများအတွက် တည်ဆောက်ပြီးစီးသည့်အပြင် ထပ်မံ၍ တိုးချဲ့တည်ဆောက်လျက်ရှိသော ရွေးနုတ်ကယ်တင်ခြင်းအသင်းတော်ခြံဝင်းရှိ အိမ်ထောင်စု (၁၀၉)စု၊ စိန်ရတု အသင်းတော်ခြံဝင်းအတွင်းမှ အိမ်ထောင်စု (၇၀)နှင့် ဗန်းမော်ခရိုင်အတွင်းမှ တိမ်းရှောင်အိမ်ထောင်စု ၁၀၀ ကျော်တို့အတွက် ရွေ့ပြောင်းနေထိုင်နိုင်ရေး ယာယီနေအိမ်တန်းလျားများ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယာယီအိမ်ထောင်စုများအား ယခုနှစ်မိုးမကျမီ အမိုးအကာဖြင့် ရေ၊ မီးပြည့်စုံစွာနေထိုင်နိုင်ရေး စီမံဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားပြီး တည်ဆောက်ရေးလုပ်ငန်းများအတွက် ငွေကျပ်သိန်း ၆၀ စီဖြင့် စုစုပေါင်းငွေကျပ်သိန်း ၁၈၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။