မြစ်ကြီးနား ဖေဖော်ဝါရီ ၁၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို (Community Centre) ဘက်စုံသုံးခန်းမ၌ ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူထုအခြေပြုဗဟိုဌာန Community Centre(မြစ်ကြီးနား) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက Community Centre တွင် ဆောင်ရွက်နေသည့် အသိပညာပေးလုပ်ငန်းများသည် အနာဂတ်လူငယ်များအတွက် အရေးပါသည့်လူ့စွမ်းအားအရင်းအမြစ်များရရှိအောင် တည်ဆောက်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် Community Centre သည် အသိပညာ၊ အတတ်ပညာများ သင်ယူနေကြသည့် လူငယ်များအတွက် စာအုပ်စာပေများကို လေ့လာဖတ်ရှုပြီး ကိုယ်စွမ်းဉာဏ်စွမ်းများကို ယှဉ်ပြိုင်ခွင့်ရရှိသည့် လေ့ကျင့်ရေးကွင်းတစ်ခုဖြစ်ပါကြောင်း၊ ဒါ့ကြောင့် မိမိတို့ပြည်နယ်အတွင်းရှိ လူငယ်များ ဗလငါးတန်ဖြင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လူထုအခြေပြုဗဟိုဌာန (Community Centre) လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိကြပြီး အရှိန်အဟုန်ဖြင့် လှုပ်ရှားလည်ပတ်နေစေရေး ကော်မတီတွင်ပါရှိသည့် တာဝန်ရှိသူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်မာလာဝင်းက Community Centre ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုအခြေအနေများနှင့် သင်ထောက်ကူပစ္စည်းလိုအပ်ချက်များကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော် က Community Centre ၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအခြေအနေများကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထက်က လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ကြုံတွေ့ရသည့် အခက်အခဲများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများမှ ကော်မတီအဖွဲ့ဝင်များက လူထုအခြေပြုဗဟိုဌာန Community Centre(မြစ်ကြီးနား) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြမည့်ကိစ္စရပ်များ၊ အဖွဲ့အစည်းအသီးသီးနှင့်ချိတ်ဆက်၍ ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ သင်တန်းများ စဉ်ဆက်မပြတ်လေ့ကျင့်သင်ယူနိုင်ရေး ဆောင်ရွက်သွားမည့်နည်းလမ်းများကို အကြံပြုဆွေးနွေး ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။