မြစ်ကြီးနား မတ် ၂
(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍတွင် စွမ်းစွမ်းတမံစွမ်းဆောင်ခဲ့ကြသော တောင်သူဦးကြီးများအား စံပြထူးချွန်ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့လာသည့် သဝဏ်လွှာအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဖတ်ကြားသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးသိန်းက တောင်သူလယ်သမားနေ့ အခမ်းအနား ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စားနပ်ရိက္ခာကို ဖြည့်ဆည်းပေးနေကြသည့် ကျေးဇူးတင်တောင်သူဦးကြီးများကို ဂုဏ်ပြုသည့်အနေဖြင့် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြည်နယ်အတွင်း ခရိုင်အလိုက် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော တောင်သူများအနက် အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်နိုင်သည့်အပြင် အခြားတောင်သူများကို စည်းရုံးပြီး အားကြိုးမာန်တက်ဆောင်ရွက်ခဲ့မှုအတွက် စံပြထူးချွန်တောင်သူဆုနှင့် သီးနှံအထွက်နှုန်းတိုးတက်အောင်၊ သီးထပ်စွမ်းအား အမြင့်ဆုံးရအောင် ဆောင်ရွက်နိုင်မှုအတွက် စံပြတောင်သူဆုရ တောင်သူများအား ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ဆုများပေးအပ်ချီးမြှင့်သည့်အတွက် စံပြထူးချွန်တောင်သူဆုရ ဦးယိန်းခေါက ဆုရတောင်သူများကိုယ်စားကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် ကူညီပံ့ပိုးမှုအပေါ် ကျေးဇူးဆပ်သည့်အနေဖြင့် ဆန်စပါးတင်း ၁၀၀ အပါအဝင် ခြံထွက်မုန်ညှင်းဆီဘူးများကို ဂါရဝပြုပြန်လည်ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တောင်သူများက စိုက်ပျိုးရေးရုံးအတွင်း ပြသထားသည့် စိုက်ပျိုးရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများနှင့် ရွက်ဖျန်းအားဆေးများ၊ ဒေသတွင်း အထွက်တိုးသည့် သီးနှံမျိုးစေ့များ၊ အစေ့ချစက်များ ခင်းကျင်းပြသထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ ဂုဏ်ဆောင်သာသနာ့ဗိမ္မာန်တော်၌ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဘွဲ့ခံသံဃာတော်များနှင့်အတူ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ခေမာသီဝံကျောင်းတိုက် နယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တစန္တာဝရာဘိဝံသအမှူးပြုသော ပင့်သံဃာတော်မထေရ်မြတ်ကြီးများအား သာသနာရေးဆိုင်ရာအခမ်းအနားဖြင့် ပင့်ဆောင်တော်မူကြပြီး အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များထံမှ ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် ဇနီး၊ တပ်မတော်အရာကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အစိုးရဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ရဟန်းဒါယကာ၊ ဒါယိကာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလခံယူဆောက်တည်ကြပြီး မဟာသဒ္ဓမဇောတိကဓဇဘွဲ့တံဆိပ်တော်ရ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ စေတိယပါလကျောင်း ဆရာတော်ဘဒ္ဒန္တသာသနက သမ္မေဒနီယသြဝါဒကထာ မြွက်ကြားချီးမြှင့်ခြင်းကို နာယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပင့်သံဃာတော်မထေရ်မြတ်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့် မဟာသဒ္ဒမ္မဇောတိကဓဇဘွဲ့ရ သံဃာတော် ၃ ပါး၊ ဂန္တဝါစကပဏ္ဍိတဘွဲ့ရ သံဃာတော် ၁ ပါး၊ သဒ္ဓမ္မဇောတိကဓဇဘွဲ့ရ သံဃာတော် ၄ ပါးနှင့် မဟာသဒ္ဓမ္မဇောတိကဓဇနှင့် ဂန္တဝါစကပဏ္ဍိတဘွဲ့ရ သီလရှင်ဆရာကြီးများအား လှူဖွယ်ပစ္စည်းများနှင့် ဘွဲ့တံဆိပ်အဆောင်အယောင်များကို အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ သံဃာတော်မထေရ်မြတ်ထံမှ အနုမောဒနာတရားတော်ကို ကြည်ညိုနာယူကြပြီး ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြသည်။
ယင်းနောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ သာသနာ့ဗိမ္မာန်တော်ဝင်းအတွင်းနှင့် ကမ်းနားလမ်းတစ်လျှောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သတ်မှတ်နေရာအသီးသီးမှ ဘုရားအမှူးပြုသော ဘွဲ့ခံသံဃာတော်များနှင့် ပင့်သံဃာမထေရ်မြတ်ကြီးများ၊ စာအောင်သံဃာတော်များနှင့် သာမဏေများ၊ သီလရှင်ဆရာကြီးများအား ဆွမ်းဆန်တော်၊ ဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းအမျိုးမျိုးတို့အား လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့နံနက်ပိုင်းက မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် ဗိမ္မာန်တော်သစ်ဖွင့်ပွဲနှင့် ကျေးဇူးတော်ချီးမွမ်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ရိုးရာအစဉ်အလာနှင့်အညီ သိက္ခာတော်ရဆရာများက ဆုတောင်းဆက်ကပ်ပေးကြကာ ဗိမ္မာန်တော်သစ်အား ပြည်နယ်ဝန်ကြီးချုပ်နှင့် ကချင်နှစ်ခြင်းခရစ်ယာအဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌ သိက္ခာတော်ရဆရာ ဖော်ဝန်ဂွန်းတန်နှင့် သိက္ခာတော်ဆရာတော်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဗိမ္မာန်တော်အား ဆုတောင်းဆက်ကပ်ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် သိက္ခာတော်ရဆရာများ ဦးဆောင်၍ ဓမ္မဗိမ္မာန်တော်အတွင်း ကျေးဇူးတောင်းခံဝတ်ပြုဆုတောင်းပွဲ အစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ပြီး အဖွင့်ဆုတောင်းခြင်း၊ ဓမ္မတေးသီချင်းနှင့် သံစုံတေးသီချင်းများ သီဆိုဆက်ကပ်ခြင်း၊ ကျေးဇူးတောင်းခံဆုတောင်းအပ်နှံခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ရိုးရာပလိုင်းနှင့် အလှူငွေကျပ်သိန်း ၁၀၀၊ ဆိုလာပြားများကိုလည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဇနီးတို့ကလည်း ရိုးရာပလိုင်းနှင့် အလှူငွေကျပ်သိန်း ၃၀ ကိုလည်းကောင်း၊ မိုးညှင်းတပ်နယ်မှူးနှင့်ဇနီးတို့က အလှူငွေ ကျပ်သိန်း ၃၀ ကို လည်းကောင်း၊ အလှူရှင်များကလည်း အလှူငွေများကို အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကုန်းတန်းကြီးကျေးရွာအုပ်စု၊ လေသာကုန်းကျေးရွာသို့ရောက်ရှိပြီး ကျေးရွာအတွင်း သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းတွင် ဖြစ်ထွန်းအောင်မြင်လျက်ရှိသော တိုးပွားအောင် မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယအသင်း(လီမိတက်)ပိုင် တောင်သူဦးမောင်နိုင်၏ ခြံ၌အသားတိုးဝက်များ မွေးမြူထားရှိမှုနှင့် ဝက်သားဖောက်လုပ်ငန်း ကိုယ်တိုင်ဆောင်ရွက်၍ စီးပွားဖြစ်ထွန်းမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေး အထောက်အကူပြုဆေးဝါးများကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ အဆိုပါကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပံ့ပိုးကူညီထောက်ပံ့မှုဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ဦးစိုးထက်ပိုင် ခြံဝင်းအတွင်း နို့စားနွားကောင်ရေ ၂၆ ကောင်ကျော် မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ မွေးမြူရေးအထောက် အကူပြုဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နယ်၊ (၁၆)မိုင်၊ လွယ်ခေါကျေးရွာအနီး၌ အများပြည်သူအပန်းဖြေအနားယူလေ့လာနိုင်ရေး ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကပိုင် Victory အပန်းဖြေစခန်းနှင့် တိရစ္ဆာန်ဥယျာဉ်ရောက် ဝင်ရောက်ပြီး အပန်းဖြေစခန်းအတွင်း မြေယာရှုခင်းများ ပြုပြင်၍ အလှပန်းပင်များ၊ ဒေသထွက် သစ်ခွပင်များဖြင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကလေးကစားကွင်း၊ ရေကူးကန်များထည့်သွင်းတည်ဆောက်ထားရှိမှု၊ တိရစ္ဆာန်ဥယျာဉ်အတွင်း ဒေသတွင်းနေထိုင်ကျက်စားသည့် ဝက်ဝံ၊ ပန်ဒါနီ၊ မျောက်မျိုးစိတ်များ၊ ဒရယ်နှင့် သမင်များ၊ တောကြောင်၊ ကြောင်ကျားသစ်၊ မီကျောင်းငယ်များနှင့် ငှက်မျိုးစိတ်မျိုးစုံတို့ကို စနစ်တကျ မွေးမြူပြသထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းက မိုးညှင်းမြို့ မြို့တော်ခန်းမ၌ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၏ (၄၀)ကြိမ်မြောက် သင်းလုံးကျွတ် ဓမ္မအစည်းအဝေးအထိမ်းအမှတ် မိတ်ဆုံညစာစားပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုလို နှစ်ခြင်းခရစ်ယာန်အသင်းတော်(KBC)၏ (၄၀)ကြိမ်မြောက် သင်းလုံးကျွတ်ဓမ္မအစည်း အဝေးအထိမ်းအမှတ်အဖြစ် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အသင်းတော် အသီးသီးမှ သိက္ခာတော်ရဆရာများ၊ အသင်းဝင်များနှင့်အတူ အတူတကွတွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ သင်းလုံးကျွတ်အစည်းအဝေးမှတစ်ဆင့် ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အားလုံးက ဝိုင်းဝန်းဆုတောင်းကူညီကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။
ယင်းနောက် တိုင်းရင်းသားမျိုးနွယ်စုအသီးသီးနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူလေးများ၏ တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အကအဖွဲ့ များအတွက် ချီးမြှင့်ငွေများနှင့် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။









