မြစ်ကြီးနား ဖေဖော်ဝါရီ ၂၆
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နယ်မြေအခြေအနေအရ မြစ်ကြီးနားမြို့ပေါ်တွင် လာရောက်တိမ်းရှောင်ခိုလှုံနေထိုင်လျက်ရှိသော ပြည်သူများအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး စဉ်ဆက်မပြတ်ပံ့ပိုးထောက်ပံ့ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၁၂ နာရီခွဲက ဝိုင်းမော်မြို့ နယ်၊ ဗန်းမော်မြို့နယ်နှင့် ကသာမြို့နယ်တို့မှ ယာယီတိမ်းရှောင်ပြည်သူများအား မြစ်ကြီးနားမြို့ စုပေါင်းရုံးဝင်းရှိ မနောရွှေပြည်ခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သွားရောက်တွေ့ဆုံအားပေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဝိုင်းမော်မြို့နယ် စန်းကား၊ ရွှေညောင်ပင်၊ အောင်မြေ-(၁)၊ ဇယ်ခမ်းနှင့် ကျန်းခမ်ကျေးရွာများ၊ ကသာမြို့နယ်၊ ဗန်းမော်မြို့နယ်များမှ ယာယီတိမ်းရှောင်၍ မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီတိမ်းရှောင်စခန်းများ၌ ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု (၅၄၁)စုအတွက် စုစုပေါင်းငွေကျပ်သိန်း (၄၃၂၈၀၀၀၀)တန်းဖိုးရှိ ဆန် (၂၄)ပြည်ပါအိတ် (၅၄၁)အိတ် ထောက်ပံ့ပေးအပ်ခဲ့ရာ တိမ်းရှောင်အိမ်ထောင်စုများကိုယ်စား စခန်းတာဝန်ခံတစ်ဦးက ကျေးဇူးတင်စကားနှင့် အိမ်ထောင်စုများ၏ လိုအပ်ချက်များကို တင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအနေဖြင့် စိတ်အားငယ်မှုမဖြစ်ကြဘဲ ပျော်ရွှင်စွာနေထိုင်ကြရန်နှင့် ကျန်းမာရေးကို အထူးဂရုစိုက်နေထိုင်ကြရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း စားသောက်မှုအဆင်ပြေစေရေး စဉ်ဆက်မပြတ်ပံ့ပိုးဆောင်ရွက်ပေးနေသကဲ့သို့ နိုင်ငံတော်မှလည်း တစ်ဦးလျှင်ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် လစဉ်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ယခုအခါ မိုးရာသီရောက်ရှိတော့မည်ဖြစ်သည့် အတွက် အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေးကိုလည်း လိုအပ်သည်များ ကွင်းဆင်းပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း အားပေးပြောကြားခဲ့သည်။
