ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် Polytechnic University (Myitkyina)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်းရာသီပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၁

          Polytechnic University (Myitkyina)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်းရာသီပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက် ညနေပိုင်းက အဆိုပါ တက္ကသိုလ်ဖူဆယ်အား ကစားရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်အားပေးချီးမြှင့်သည်။

          ရှေးဦးစွာ အမျိုးသား/ အမျိုးသမီး ဖူဆယ်အားကစားနည်းတွင် ဗိုလ်လုပွဲစဉ်အဖြစ် အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ EP အသင်းနှင့် Mech အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြရာ EP အသင်းက ပယ်နယ်သီအဆုံးအဖြတ်ဖြင့် အနိုင်ရဗိုလ်စွဲသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးက ကျောင်းသား/ ကျောင်းသူများအနေဖြင့် သင်ကြားသင်ယူမှုတွင် ကြိုးစားသင်ယူလေ့လာရုံသာမက ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုးပြီး ဗလငါးတန်နှင့် ပြည့်စုံသော အနာဂတ်လူငယ်ပညာရှင်များဖြစ်အောင် ကြိုးစားသင်ယူလေ့ကျင့်ကြရေးနှင့် ဘာသာရပ်အသီးသီးတွင် ထူးချွန်ထက်မြက်ပြီး ကျင့်ဝတ်များကိုလိုက်နာသည့် ပညာရှင်ကြီးများဖြစ်အောင်၊ နိုင်ငံအတွက် အကျိုးပြုသော အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားလေ့လာသင်ယူကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးက ဆောင်းရာသီပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ အားကစားနည်းအလိုက် ကျင်းပပြုလုပ်ခဲ့မှုနှင့် ဆုရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ အားကစားပြိုင်ပွဲများ ဖြစ်မြောက်အောင် ပံ့ပိုးကူညီပေးသော ပြည်နယ်ဝန်ကြီးနှင့်အလှူရှင်များအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့ပြီး တက္ကသိုလ်ကျောင်းသူလေးများက အားကစားသီချင်းတေးသရုပ်ဖော်ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

          ဆက်လက်၍ ဆုများကို ပေးအပ်ချီးမြှင့်ရာ တက္ကသိုလ်စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဝင်များ၊ ဌာနမှူးများက ဆောင်းရာသီအားကစားပြိုင်ပွဲများဖြစ်သည့် ဘောလုံး၊ ဖူဆယ်ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများနှင့် MLBB Championship (E-sports) Season-1  ပြိုင်ပွဲများအတွက် အကောင်းဆုံးကစားသမားများဆုများ၊ အားကစားနည်းအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရ ပြိုင်ပွဲဝင်အသင်းများအားလည်းကောင်း၊ တာဝန်ခံပါမောက္ခချုပ်က အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ပထမဆုရအသင်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးက အမျိုးသား/ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုရအသင်းများအတွက် တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်နှင့် တံခွန်စိုက်ဆုဖလားတို့အားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။