မြစ်ကြီးနား ဖေဖော်ဝါရီ ၁၁
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့တာဝန်ရှိသူများနှင့်အတူ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့်အညီ ရောင်းချခြင်းရှိ/မရှိ မြစ်ကြီးနားမြို့ စည်ပင်သာယာဈေးအမှတ်(၂)အတွင်း ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများအား ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့်ပြည်နယ် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့ဝင်များသည် စည်ပင်သာယာအမှတ်(၂)ဈေးရှိ oviကုန်တိုက်အတွင်းလက်ဝတ်ရတနာများ၊ ရွှေနှင့်ရွှေကြမ်းဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား ဌာန၏ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုချက် ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ညွှန်ကြားချက်များနှင့်အညီ ရောင်းဝယ်ဖောက်ကားရေး၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက လိုအပ်သလိုစိစစ်အရေးယူဆောင်ရွက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ကြရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် စျေးအတွင်းရှိ ရွှေစင်ဦး၊ ဇမ္ဗူရာဇ်နှင့် ရွှေဆန်းလီရွှေဆိုင်များတွင် လက်ဝတ်ရတနာများ၊ ရွှေနှင့်ရွှေကြမ်းဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား ဌာန၏ခွင့်ပြုချက်နှင့်အညီ ရောင်းချမှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။



