မြစ်ကြီးနား မတ် ၆
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့၌ စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေး၊ ဖူလုံမှုရှိစေရေးနှင့် အများပြည်သူ စိုးရိမ်ကြောင့်ကြမှုကြောင့် ဝယ်ယူသိုလှောင်ခြင်းများမရှိစရေး စနစ်တကျစီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချပေးနေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဆပ်ကော်မတီအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် စက်သုံးဆီအရောင်းဆိုင်များ စစ်ဆေးဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးက နိုင်ငံတော်အနေဖြင့် စက်သုံးဆီနှင့်စပ်လျဉ်း၍ ပြည်သူများ စိုးရိမ်ကြောင့် ကြမှုမရှိစေရေး အသိပေးကြေညာချက်များကို ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကချင်ပြည်နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များတွင် ပြည်သူများစိုးရိမ်မှုကြောင့် မလိုအပ်ဘဲ တန်းစီဝယ်ယူခြင်းများမရှိစေဘဲ ပုံမှန်အတိုင်း လွတ်လပ်စွာ ဝယ်ယူရောင်းချနိုင်ရေး မိမိတို့အနေဖြင့် စနစ်တကျ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ဒေသတွင်းစက်သုံးဆီဖူလုံမှုရှိစေရေး၊ ခြိုးခြံချွေတာနိုင်ရေးနှင့် ဈေးနှုန်းမတည်ငြိမ်အောင် လှုံ့ဆော်ရောင်းချခြင်းများနှင့် ဆီလက်ကျန်ရှိပြီး အရောင်းဆိုင်ပိတ်ထားသည့် ဆိုင်များအား ဥပဒေနှင့်အညီ ထိရောက်စွာ စစ်ဆေးအရေးယူဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်ဆပ်ကော်မတီအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်သည့် Asian Energy စက်သုံးဆီအရောင်းဆိုင်၊ Nine Star စက်သုံးဆီအရောင်းဆိုင်၊ SUT စက်သုံးဆီအရောင်းဆိုင်၊ ဇေယျာမင်းစက်သုံးဆီအရောင်းဆိုင်နှင့် ဧရာဝဏ်စက်သုံးဆီအရောင်းဆိုင်များတွင် အရောင်းဆိုင်ပိုင်ရှင်များ၊ တာဝန်ရှိသူများ၊ စက်သုံးဆီဝယ်ယူနေသည့် ပြည်သူများနှင့်တွေ့ဆုံပြီး ဒေသတွင်း စက်သုံးဆီဖူလုံမှုရှိစေရေး စဉ်ဆက်မပြတ် ဖြည့်ဆည်းတင်သွင်းခွင့်ရရှိအောင် ခွင့်ပြုဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြကာ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီပုံမှန်ရောင်းချမှု ရှိ/ မရှိ၊ သိုလှောင်ကန်များအတွင်း စက်သုံးဆီလက်ကျန်များအား တိုင်းတာစစ်ဆေးခြင်း၊ Auto Tank Gauge (ATG)များအား စစ်ဆေးဆောင်ရွက်ခြင်း၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ပြည်သူများမလိုအပ်ဘဲ တန်းစီဝယ်ယူမှုမရှိစေရေးအတွက် ပုံမှန်ရောင်းချပေးရေးနှင့် စက်သုံးဆီအရောင်းဆိုင်များ ရောင်းချပေးခြင်းမရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် အဆိုပါ အရောင်းဆိုင်များအား ပိတ်သိမ်းစေမည်ဖြစ်ကြောင်း စသည့် ကြေညာချက်များကို အသိပေးနှိုးဆော်ခြင်း၊ ဆီဆိုင်များတွင် အဆိုပါကြေညာချက်များ ကပ်ထားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။





