ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့၌ ၂၀၂၅ ခုနှစ် ရိုးရာကောက်သစ်စားပွဲတော်နှင့် ဒေသတွင်းရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံ ယဉ်ကျေးမှု ဖလှယ်ပွဲအခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်

မြစ်ကြီးနား နိုဝင်ဘာ  ၄

ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ နှစ်စဉ်ကောက်ဦးပေါ်ချိန်တွင် ကျင်းပမြဲဖြစ်သည့် အင်လုံအင်နန်ရှားပွဲဟုခေါ်ဆိုသည့် ရိုးရာကောက်သစ်စားပွဲတော်နှင့် ဒေသတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သည့် ယှဉ်ကျေးမှုဖလှယ်ပွဲ အခမ်းအနားများကို မြစ်ကြီးနားမြို့၌ (၂) ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးတွင်  ဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ဆပ်ကော်မတီအသီးသီးမှ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ပွဲတော်များကျင်းပရာတွင် ရိုးရာကောက်သစ်စားပွဲတော်ကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ဌာနေတိုင်းရင်းသားမျိုးနွယ်စုများ၊ ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ အစုံအညီတက်ရောက်စေပြီး တစ်နှစ်တာ စိုက်ပျိုးရာသီပြီးဆုံး၍ ကောက်ရိတ်သိမ်းချိန်တွင် အဦးအဖျားရရှိသည့် ကောက်ဦးဆန်ကို အတူတကွကျေးဇူးတော်ချီးမွမ်း၍ ချက်ပြုတ်စားသောက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့အတူ ဒေသအတွင်းရှိ ဌာနေတိုင်းရင်းသား မျိုးနွယ်စုများဖြစ်သည့် ကချင် (၆)မျိုး၊ ရှမ်း (၅)မျိုး၊ ဗမာတိုင်းရင်းသားတို့အပြင် ကရင်၊ ရခိုင် စသည့်တိုင်းရင်းသားများ၏ ရိုးရာယဉ်‌ကျေးမှု ဓလေ့ထုံးစံများကို ထုတ်ဖော်ဖလှယ်ပြသခြင်းဖြင့် ဒေသတွင်း တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု ခိုင်မာအားကောင်းစေပြီး ငြိမ်းချမ်းသော လူမှုအသိုက်အဝန်း ဖြစ်လာစေရေးအတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် ယှဉ်ကျေးမှုဖလှယ်ပွဲ အခမ်းအနားကို မြစ်ကြီးနားတက္ကသိုလ်၌ ရိုးရာအကပဒေသာများဖြင့် စည်ကားစွာကျင်းပနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ရမည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။