မြစ်ကြီးနား နိုဝင်ဘာ ၄
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ သမိုင်းဝင်အောင်ဇေရန်အောင်စေတီတော်မြတ်ကြီး၏ တန်ဆောင်တိုင်ပွဲတော် ပထမအကြိမ် မသိုးသင်္ကန်းရက်ခတ်ပြိုင်ပွဲ၊ ဆီမီး (၁၀၀၀)ထွန်းညှိပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်အခမ်းအနားများကို ကချင်ပြည်နယ် ဗုဒ္ဓကလျာဏယုဝအသင်း (YMBA) နှင့် မြစ်ကြီးနားမြို့နယ်ဗုဒ္ဓကလျာဏယုဝအသင်းတို့က ပူးပေါင်းကျင်းပရာ နိုဝင်ဘာ ၄ ရက် ညနေပိုင်းက ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ စေတီတော်ရင်ပြင်၌ မြစ်ကြီးနားမြို့ပေါ်မှ ပြိုင်ပွဲဝင်ရက်ကန်းစင်များနှင့် ဝိုင်အမ်ဘီအေ အသင်းသူ/သားများနှင့် ဧည့်ပရိတ်သတ်များ၊ အကဲဖြတ်အမှတ်ပေးဒိုင်များက သတ်မှတ်နေရာအသီးသီး၌ နေရာယူခဲ့ကြပြီး အောင်ဇေရန်အောင်တပ်ဦးကျောင်းတိုက် ဆရာတော် သဒ္ဓမဇောတိက ဓဇ၊ မင်္ဂလဓမ္မဇောတိကဓဇ ဒေါက်တာဥတ္တမသီရိက ကြီးမှူး၍ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြသည်။
ဆက်လက်၍ ကချင်ပြည်နယ် ဝိုင်အမ်ဘီအေအသင်းနာယက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူ ဗိုလ်ချုပ်အောင်ဇော်ထွေးက အဖွင့်အမှာစကားပြောကြားပြီး ဝိုင်အမ်ဘီအေအသင်း အတွင်းရေးမှူး ဦးကြည်ဌေးက ပွဲတော်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ ပွဲတော်အတွက် ပါဝင်လှူဒါန်းပေးကြသည့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တပ်မတော်အရာရှိကြီးများနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့အား မှတ်တမ်းတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့ကာ အကဲဖြတ်အမှတ် ပေးဒိုင် ဦးအောင်မြင့်က ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ပွဲတော်အခမ်းအနားအတွက် ဆရာတော် ဘဒ္ဒန္တဒေါက်တာဥတ္တရသီရိနှင့်အတူ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဝိုင်အမ်ဘီအေအသင်း အတွင်းရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မသိုးရွှေကြာသင်္ကန်းရက်ခတ်ပြိုင်ပွဲဝင်ကြသည့် ဂေါတမီ၊ မယ်တော်မာယာ၊ ဥမ္မာဒန္ဒီ၊ ယသော်ဓရာ၊ ဝိသာခါ၊ ပပဝတီ၊ သမ္မာဝတီ ရက်ကန်းအသင်းများ၏ မသိုးရွှေကြာသင်္ကန်းရက်လုပ်ယှဉ်ပြိုင်မှုများက ဒေသခံပြည်သူများ၊ ရိုးရာအတီးအမှုတ်အဖွဲ့များနှင့်အတူ စိတ်ဝင်တစားလှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် စေတီတော်ရင်ပြင်အတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် နိဗ္ဗာန်ဈေးပွဲတော်၌ မြန်မာ့ရိုးရာအစာအစားများဖြင့် ကျွေးမွေးဧည့်ခံနေမှုများနှင့် ဆီမီး (၁၀၀၀)ထွန်းညှိပူဇော်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


