ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် ဝိုင်းမော်မြို့၌ ကျင်းပသည့် လော်ဝေါ်မျိုးနွယ်စုတို့၏ ၂၂၉၀ ပြည့်နှစ် လော်ဝေါ်နှစ်သစ်ကူးနေ့ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

ဝိုင်းမော် ဒီဇင်ဘာ ၁၉

          ကချင်ပြည်နယ်အတွင်းနေထိုင်ကြသော ကချင်မျိုးနွယ်စု (၆)မျိုးအနက် လော်ဝေါ်တိုင်းရင်းသားမျိုးနွယ်စုတို့၏ ၂၂၉၀ ပြည့်နှစ် လော်ဝေါ်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်ဆုတောင်းပွဲအခမ်းအနားကို လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုအသင်းကကြီးမှူး၍ ဝိုင်းမော်မြို့၊ အမှတ် (၁)ရပ်ကွက်အတွင်းရှိ လော်ဝေါ်စာပေနှင့် ယဉ်ကျေးမှုအသင်း၏ လော်ဝေါ်မနောကွင်းအတွင်းရှိ ဦးလက်ဝါးဇွန်းခေါင် အောက်မေ့ဖွယ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် တက်ရောက်သည်။

          အဆိုပါ အခမ်းအနားတွင် လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး လော်ဝေါ်လူငယ်များက ရိုးရာတေးသီချင်းဖြင့် ဆုတောင်းမေတ္တာပို့သပေးကာ ပြည်နယ်ဝန်ကြီးက မိမိတို့အစိုးရအဖွဲ့အနေဖြင့် ယခုလိုတိုင်းရင်းသားတို့၏ တန်ဖိုးရှိလှသည့် နေ့ထူးနေ့မြတ်ပွဲတော်များ စဉ်ဆက်မပြတ်ကျင်းပနိုင်ရေး နှစ်စဉ်ရန်ပုံငွေများကို ချီးမြှင့်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ဒါ့အပြင် ဒေသတွင်းတိုင်းရင်းသားများ၏ စာပေ၊ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် မှတ်တမ်းဗီဒီယိုရိုက်ကူးခြင်းကိုလည်း အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ (၂၂၉၀)နှစ်ပြည့် လော်ဝေါ်နှစ်သစ်ကူးနေ့မှစ၍ မိမိတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းကာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့တွင် အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးက လော်ဝေါ်တိုင်းရင်းသားမျိုးနွယ်စုများအတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ်သိန်း ၂၀ ကို ထောက်ပံ့ပေးအပ်ပြီး လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုအသင်းထံမှ ဂါရဝပြုရိုးရာလက်ဆောင်ပေးအပ်ခြင်းကို လက်ခံရယူခဲ့ကာ လော်ဝေါ်တိုင်းရင်းသားမျိုးနွယ်စုများနှင့်အတူ ဆုတောင်းဆက်ကပ်ခြင်း၊ ဓမ္မတေးသီချင်းသီဆိုခြင်း၊ လော်ဝေါ်မျိုးနွယ်စုဆင်းသက်လာသည့် ဘိုးဘေးတို့၏ သမိုင်းကြောင်း ကဗျာရွတ်ဆိုဖတ်ကြားခြင်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကချင်မျိုးနွယ်စု (၆)မျိုးထဲမှ လော်ဝေါ်မျိုးနွယ်စုများတို့အား “လော်” မြောက်အရပ်၊ “ဝေါ်”  ဧရာမအုပ်စုဆိုသည့် အဓိပ္ပါယ်အရ “မြောက်အရပ်မှ ဧရာမလူအုပ်ကြီး” ဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြပြီး ဘိုးဘေးစဉ်ဆက်မျိုးနွယ်စုတို့၏ နေထိုင်ခဲ့သောဒေသ၊ ပေါက်ဖွားဆင်းသက်လာပုံတို့ကို နှုတ်တိုက်/ အလင်္ကာ/ ဘာသာစကားတို့ဖြင့် ရွတ်ဆိုခြင်းဖြင့် ယနေ့ထိတိုင် လက်ဆင့်ကမ်း သင်ကြားမှတ်သားလာခဲ့ခြင်းဖြစ်ကာ “ဗျူချောင်ဇိန်” ခေါ် လော်ဝေါ်မျိုးနွယ်စုသက္ကရာဇ် (လူသားဖြစ်သည့် လော်ဝေါ်မျိုးနွယ်စုကို ပြုစုစောင့်‌ရှောက်ထိန်းသိမ်းမှတ်တမ်းတင်လာသော သက္ကရာဇ်-ခုနှစ်)အရ ယခုနှစ်သည့် လော်ဝေါ်မျိုးနွယ်စုသက္ကရာဇ် ၂၂၉၀ ပြည့်နှစ်ထိတိုင်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။