ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အသေးစားစက်မှုလက်မှုထုတ်ကုန်လုပ်ငန်းများနှင့် ရင်းနှီးမတည်ပေးထားသည့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ပူတာအို         ဒီဇင်ဘာ ၁၈

             ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဝမ်းစာဖူလုံရေးတို့အတွက် စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းက ပူတာအိုမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော အသေးစားစက်မှုလက်မှုကုန်ထုတ်လုပ်ငန်းများဖြစ်သည့် စူပါဝမ်းဝါးတူလုပ်ငန်း၊ ရွှေတောင်ခေါက်ဆွဲလုပ်ငန်းနှင့်ရင်းနှီးမတည်ပေးထားသည့် စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ ခရိုင်/ မြို့နယ်အဆင့်ဌာနတာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့၊ ပန်းလှိုင်ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သိန်း ၅၀၀ မတည်ပေးမှုဖြင့် MSME လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိသော ပိုင်ရှင်ဦးဉာဏ်လင်း၏ ဝါးစက်မှုလက်မှုသမဝါယမအသင်းပိုင် စူပါဝမ်း အဆင့်မြင့် ဝါးတူထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ပြီး ဝါးတူထုတ်လုပ်နိုင် ရေးအတွက် ဝါးကုန်ကြမ်းများ စုဆောင်းရရှိမှု အခြေအနေများ၊ ဝါးကုန်ကြမ်းအဆင့်မှ ဝါးတူကုန်ချောအဆင့်အထိ အသေးစား စက်ယန္တရားများဖြင့် အဆင့်ဆင့်ထုတ်လုပ်နေမှုအခြေအနေများကို စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသအတွက် အမှန်တကယ် အကျိုးရှိသည့် ထုတ်ကုန်ဖြစ်သည့်အတွက် တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ဒေသတွင်းအပြင် အခြားဒေသများသို့ ဈေးကွက်တိုးချဲ့ဖြန့်ဖြူးနိုင်ရေးကို ရည်ရွယ်ထုတ်လုပ်သွားရန်နှင့် လိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါ ရပ်ကွက်အတွင်း မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ငန်းမှတစ်ဆင့် ဒေသတွင်းဈေးကွက်၌ ရောင်းချ၍  စီးပွားဖြစ်ထွန်းလာစေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမတည်ပေးဖြင့် အကျိုးဖြစ်ထွန်းလျက်ရှိသော တောင်သူဦးရွှေဘုံ၏ နေအိမ်ခြံဝင်းအတွင်း ဆောင်းသီးနှံများဖြစ်သည့် မုန်ညှင်း၊ ပန်းမုန်လာ၊ အာလူး၊ မုန်လာထုပ်၊ ခရမ်းချဉ်သီး စသည့် ဟင်းသီးဟင်းရွက်အမယ်မျိုးစုံ စိုက်ပျိုးထားရှိမှု အခြေအနေများ ကိုလှည့်လည်ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်သည့် မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးရေနှင့် သွင်းအားစုများ လုံလောက်စွာရရှိရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါ ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ မတည်ပေးမှုဖြင့် လုပ်ငန်းတိုးချဲ့ ဆောင်ရွက်နိုင်ခဲ့သည့် ပိုင်ရှင်ဦးတင်ရွှေ၏ ရွှေတောင်ခေါက်ဆွဲလုပ်ငန်းသို့ သွားရောက်ခဲ့ကြပြီး အသင့်စား ခေါက်ဆွဲများ လည်ပတ်ထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒေသတွင်း ဈေးကွက်ဖြန့်ဖြူးရောင်းချနိုင်မှု အခြေအနေများနှင့် လိုအပ်သည်များကို မေးမြန်းဆွေးနွေးကာ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။