မြစ်ကြီးနား စက်တင်ဘာ ၂၂
ကချင်ပြည်နယ်၏ရေမြေတောတောင်သဘာဝအလှအပရှုခင်းများ၊ သဘာဝသယံဇာတအရင်း အမြစ်များစွာ ကြွယ်ဝမှုအပေါ် အခြေခံ၍ ရေရှည်တည်တံ့ခိုင်မြဲပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက် စေမည့် သဘာဝအခြေခံသည့် ခရီးသွားလုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး စီမံဆောင်ရွက် သွားရမည်ဖြစ်ကြောင်းစက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ခရီးစဉ် ဒေသသစ်များဖော်ဆောင်ရာတွင် လည်းကောင်း၊ ရှိပြီးသား ခရီးစဉ်များကို ဖော်ထုတ်ဆောင်ရွက် ရာတွင်လည်းကောင်း ခရီးစဉ်ဒေသများ၏ အားသာချက်၊ အားနည်းချက်များနှင့် လေ့လာဆန်းစစ် ချက်အစီအမံများကို ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ ဧည့်သည်စာရင်းစီမံခန့်ခွဲမှုစနစ်(GLMS)ကို အသုံးပြုမှု အပေါ် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် အခွန်အကောက်များ လျာထားချက်ပြည့်မီအောင် ကောက်ခံ ရရှိရေးစသည်တို့ကို ရှင်းလင်းပြောကြားပြီး ကော်မတီအတွင်းရေးမှူး ပြည်နယ်ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခိုင်ဦးက ပြည်နယ်အတွင်း ပြည်တွင်း/ ပြည်ပခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်မှုအခြေအနေများ၊ (၃/၂၀၂၂)ကြိမ်မြောက်အစည်းအဝေး ဆုံးဖြတ် ချက်နှင့် ကော်မတီသို့တင်ပြလျှောက်ထားလာသည့် ဟိုတယ်/တည်းခိုရိပ်သာ၊ ခရီးသွားလှည့်လည် ရေးနှင့်ဧည့်လမ်းညွှန်လုပ်ငန်း လိုင်စင်များသက်တမ်းတိုးလျှောက်ထားမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
တင်ပြမှုများအပေါ် ကော်မတီအဖွဲ့ဝင်များက ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကော်မတီထံ တင်ပြလျှေက်ထားလာသည့် လုပ်ငန်းလိုင်စင်များနှင့်စပ်လျဉ်း၍ ဆုံးဖြတ်အတည်ပြု ပေးနိုင်ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ကချင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် (ဧပြီလမှ သြဂုတ်လအထိ) ဟိုတယ် (၄၈)လုံးနှင့် တည်းခိုရိပ်သာ (၁၃)ခု စုစုပေါင်းဟိုတယ်နှင့်တည်းခိုရိပ်သာ (၆၁)လုံး တိုးတက်ခွင့်ပြုပေးနိုင်ခဲ့သဖြင့် အခန်းအရေ အတွက်အားဖြင့် ၁၈၄၉ ခန်း ခွင့်ပြုပေးနိုင်ခဲ့ပြီး ခရီးသွားလှည့်လည်ရေးကုမ္ပဏီ ၅၇ ခု၊ ဧည့်လမ်းညွှန် ၂၅ ဦးနှင့် ဒေသဆိုင်ရာဧည့်လမ်းညွှန် ၄၃ ဦးတို့အတွက် လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးနိုင်ခဲ့ကြောင်း ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီထံမှ သိရှိရသည်။