မြစ်ကြီးနား ဖေဖော်ဝါရီ ၁၂
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားများကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနား ကို နံနက် ၅ နာရီခွဲတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား လွှင့်တင်ခဲ့ကြပြီး နိုင်ငံတော်အလံအား စုပေါင်းအလေးပြုခဲ့ကြသည်။
ယင်းနောက် နံနက် ၇ နာရီတွင် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချူပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့အသီးသီးမှ ခေါင်းဆောင်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ဦးစွာဂုဏ်ပြုတပ်ဖွဲ့ နှင့်အတူ နိုင်ငံတော်အလံအား အလေးပြုကြသည်။ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့လာသည့် သဝဏ်လွှာအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဖတ်ကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဆင့်မြင့်ပညာနှင့် အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာ၊ ဝတ္ထုတိုပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြပြီး အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြသည်။ထို့အတူ အခမ်းအနားတက်ရောက်လာသူများအား ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ နံနက်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြပြီး တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့်အပြင် အခမ်းအနားတက်ရောက်လာသူများအား ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်ရောဂါကာကွယ်ဆေးနှင့် ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။


