မြစ်ကြီးနား ဖေဖော်ဝါရီ ၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နန်ကျင်အမှိုက်ကန် မီးလောင်နေမှုကြောင့် မီးငြှိမ်းသတ်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့်အမှိုက်ကန်များစနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင် သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၉ ရက် နံနက်(၁၀) နာရီကသွားရောက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးသည်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ်အမှုဆောင်အရာရှိ ဦးလှမိုး၊ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နှင့် ၁၃ မိုင်အကွာအဝေးတွင်တည်ရှိသော နန်ကျင်အမှိုက်ကန်သို့ သွားရောက်ပြီး အမှိုက်များမီးလောင်မှုကြောင့် ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုမဖြစ်ပေါ်စေရေး ပြည်နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ် (၂)စီး၊ မီးငြှိမ်းသတ်ယာဉ် (၂)တို့ဖြင့် အမှိုက်ပုံပေါ်တွင် မီးငြိမ်းသတ်ပေးနေမှု အခြေအနေများနှင့် ဘတ်ဟိုးစက်န္တရားယာဉ်များဖြင့် ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများကိုလည်းကောင်း၊ မြေကျင်းတူးဖော်၍ ယာယီရေလှောင်ကန်ပြုလုပ်ပြီး မီးငြှိမ်းသတ်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် အမှိုက်ကန်လုပ်သားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး မီးလောင်မှုဖြစ်စဉ် ဖြစ်ပွားမှုအပေါ် မေးမြန်းဆွေးနွေးကာ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များအတွက် နေ့လည်စာများကို ကျွေးမွေးခဲ့ကြသည်။အဆိုပါ နန်ကျင်အမှိုက်ကန်ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်က စတင်၍ မြေဧရိယာ ၂၁ ဧကနီးပါးပေါ်တွင် အသုံးပြုခဲ့ခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နေ့စဉ် စွန့်ပစ်အမှိုက်များကို စနစ်တကျစုစည်း၍ (၃)တန်ဝင်ဆံ့သည့် အမှိုက်ကားများဖြင့် တစ်ရက်လျှင် အခေါက်ရေ ၅၀ ခန့် လာရောက်စွန့်ပစ်လျက်ရှိသည့်အတွက် နေ့စဉ် အမှိုက်တန် ချိန် (၁၅၀)ခန့် စွန့်ပစ်လျက်ရှိကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်လာမှု၊ လူဦးရေ ပိုမိုများပြားလာမှုတို့ကြောင့် ရပ်ကွက်/ ကျေးရွာအခြေပြု အမှိုက်သိမ်းစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ပိုမိုများပြားလာသော စွန့်ပစ်အမှိုက်များအတွက် ပလန ကျေးရွာအုပ်စုအတွင်း အမှိုက်ကန်အသစ်အတွက် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။



