မြစ်ကြီးနား နိုဝင်ဘာ ၁၄
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်နယ်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီဗဟိုအကြံပေးအဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ ကချင်ပြည် နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ များနှင့် တွေ့ဆုံခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဗဟိုအကြံပေး အဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအား တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များမှ ခေါင်းဆောင်များက ဂါဝရပြုမိတ်ဆက်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ကချင်ပြည်နယ်ဟုဆိုသော်လည်း တိုင်းဒေသကြီး/ ပြည်နယ်များနည်းတူ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးသည် အရေးကြီးပါကြောင်း၊ ဒို့တာဝန်အရေး (၃)ပါးတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးဟု ပါရှိပြီးဖြစ်ပါကြောင်း၊ ထို့အပြင် တိုင်းရင်းသားများအနေဖြင့် မိမိတို့ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို မပျောက်ပျက်အောင် နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်နေသကဲ့သို့ အားလုံးကလည်း အလေးထား ထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်း၊ လိုအပ်သည်များကိုလည်း ဝန်ကြီးဌာနထံ တင်ပြကြဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များစွာ ရှိနေသည့်အတွက် ငြိမ်းချမ်းရေးရရှိရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အရေးကြီးပါကြောင်း၊ ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့တိုင်းပြည်တိုးတက်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းရင်းသားအားလုံးက ဝိုင်းဝန်းပူးပေါင်းကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးဌာနနှင့် ညွှန်ကြားချက်များနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ကချင်တိုင်းရင်းသားမျိုးနွယ်စု (၆)မျိုး၊ ရှမ်းတိုင်းရင်းသားမျိုးနွယ်(၅)မျိုး၊ ဗမာတိုင်းရင်းသားနှင့် ကရင်၊ ချင်း၊ ရခိုင် စသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်များက တိုင်းရင်းသားမျိုးနွယ်စုအလိုက် စာပေယဉ်ကျေးမှု ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များ၊ ဖြည့်ဆည်းပံ့ပိုးပေးရမည့်ကိစ္စရပ်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ က တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အမှတ်တရလက် ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့က ဖြည့် ဆည်းဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်ထားရှိမှုများကို ဖြည့်ဆည်းရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ရှင်းလင်းပြောကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။



