မြစ်ကြီးနား ဇန်နဝါရီ ၁၁
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလွတ်တန်း (ကျား/မ) မီနီမာရသွန်အပြေးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၆ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့ သခင်နက်ဖေလမ်းပေါ်မှ စတင်တာလွတ်ပါသည်။
ရှေးဦးစွာအပြေးပြိုင်ပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲဝင်အားကစားသမား (၁၈၀၀)ကျော် တက်ရောက်ပါသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ပြိုင်ပွဲစတင်နိုင်ရန် သေနတ်ပစ်ဖောက် တာလွတ်ပေးရာ ပြိုင်ပွဲဝင်များသည် သခင်နက်ဖေလမ်းအတိုင်း မီးသတ်မီးပွိုင့်မှတစ်ဆင့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် အောင်ဇေရန်အောင်ဘုရားအထိပြေးကြရာ ရပ်ကွက်များအလိုက် လမ်းတစ်လျှောက် သတ်မှတ်နေရာ အသီးသီးမှ နေ၍ အပြေးသမားများအား ရေနှင့်အချိုရည်များ တိုက်ကျွေး၍အားပေးခဲ့ကြပြီး ပြိုင်ပွဲဝင်များအား ပြည်နယ်ဘောလုံးကွင်း အတွင်းသို့ ပန်းဝင်လာမှုကို ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များက နွေးထွေးစွာကြိုဆိုခဲ့ကြသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက အပြေးပြိုင်ပွဲတွင် အဆင့်(၁)မှ အဆင့် (၂၀)အထိ ပန်းဝင်ကြသည့် ပြိုင်ပွဲဝင် အမျိုးသားများ/ အမျိုးသမီးပြိုင်ပွဲဝင်များအားလည်းကောင်း၊ အသက်အငယ်ဆုံးနှင့် အသက်အကြီးဆုံး ပြိုင်ပွဲဝင်များအား တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုဆုတံဆိပ် နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


