မြစ်ကြီးနား ဇန်နဝါရီ ၃၀
ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ ကချင်ပြည်နယ်ဒေသခံ ကော်မတီအဖွဲ့ဝင်များ၊ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့မှ ပညာရှင်များက မြစ်ကြီးနားမြို့ရှိ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များနှင့်ဘာသာရေး အဖွဲ့အစည်းများမှ လူငယ်များ၊ ရှမ်းတိုင်းရင်းသား မျိုးနွယ်စုဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံလူငယ်များအား တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဒေသခံတိုင်းရင်းသားများနှင့် မိဘပြည်သူများအနေဖြင့် ယနေ့ မိမိတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် အဓိကကျပြီး အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်စွမ်းအင်ရရှိရေးသည် အရေးကြီးဆုံးဖြစ်ကြောင်းကို အားလုံးက သိရှိနားလည်ထားပြီးဖြစ်ပါကြောင်း၊ ယနေ့ ဖွံ့ဖြိုးတိုးတက်နေသော ကမ္ဘာ့နိုင်ငံကြီးများတွင် လျှပ်စစ်စွမ်းအင်အတွက် ရေအားလျှပ်စစ်စီမံကိန်းများကို တည်ဆောက်ပြီး ဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍ ပြန်လည် သုံးသပ်စဉ်းစားကြရမည်ဖြစ်သည့်အပြင် ယနေ့ တွေ့ဆုံဆွေးနွေးပွဲတွင် ပညာရှင်များအနေဖြင့် စွမ်းအင်လိုအပ်ချက်အတွက် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ သိသင့်သိထိုက်သည်များကို ရှင်းလင်းဆွေးနွေးပေးသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တက်ရောက်လာကြသူများဖြင့် မိမိတို့ ပြည်နယ်အဘက်ဘက်က အမှန်တကယ်ဖွံ့ဖြိုးတိုးတက်လာစေရေး အဓိကကျသည့် လျှပ်စစ်စွမ်းအင်လိုအပ်ချက်အပေါ် ဖြည့်ဆည်းပေးနိုင်သည့် စီမံကိန်းနှင့်စပ်လျဉ်း၍ အားလုံးက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ဝင်၊ ငလျင်နှင့် အင်ဂျင်နီယာဘူမိဗေဒပညာရှင် ဒေါက်တာအေးလွင်က ငလျင်လှုပ်ခတ်မှုဆိုင်ရာ အခြေခံသဘောတရားများအကြောင်းနှင့် ရေလှောင်တမံတည်ဆောက်မှုဆိုင်ရာ ပုံစံများအကြောင်း သိကောင်းစရာများ၊ ရေအားလျှပ်စစ်ဒီဇိုင်းပညာရှင် ဒေါ်မြကြေးမုံက ရေအားလျှပ်စစ် ထုတ်ယူသုံးစွဲမှုနှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ ကမ္ဘာ့နိုင်ငံကြီးများမှ ရေအားလျှပ်စစ်စီမံကိန်းကြီးများ အကြောင်းများကိုလည်းကောင်း၊ မြစ်ကြောင်းထိန်းသိမ်းရေး ပညာရှင် ဦးဇော်လွင်က ဧရာဝတီမြစ်နှင့်စပ်လျဉ်း၍ မြစ်ကြောင်းဖြစ်ပေါ်မှု အခြေအနေများနှင့် ထိန်းသိမ်းဆောင်ရွက်နိုင်သည့် နည်းလမ်းများကိုလည်းကောင်း၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှုပညာရှင် ဦးဟိန်းထက်က မြစ်များဖြစ်ပေါ်လာမှု၊ တမံများ တည်ဆောက်ခြင်း၊ စွမ်းအင်ရရှိမှု၊ နည်းပညာနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း ပါဝါပွိုင့်များဖြင့် အသီးသီးဆွေးနွေးဟောပြောခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဘာသာရေးဆရာများ၊ လူငယ်များက ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့် ဆွေးနွေးဟောပြောချက်များအပေါ် ၎င်းတို့၏ အမြင်သဘောထားများ၊ ဖြည့်စွက်ဆွေးနွေးပြီး သိလိုသည်များနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ကြရာ ပညာရှင်များက မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များ၊ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့မှ ပညာရှင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘာသာရေးခေါင်းဆောင်များ၊ ဘာသာရေးအဖွဲ့အစည်းအသီးသီးမှ လူငယ်အဖွဲ့ အစည်းများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူများ၊ လူငယ်များ စုစုပေါင်း လူဦးရေ (၉၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံး၌ မြန်မာတို့၏ ရိုးရာအစဉ်အလာပွဲတော်များအနက် တပို့တွဲလတွင် ကျင်းပသည့် ထမနဲထိုးပွဲကို စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ စုပေါင်း၍ ရိုးရာအစဉ်အလာနှင့်အညီ အိုးစည်ဒိုးပတ်ဝိုင်းဖြင့် စည်းလုံးညီညွတ်စွာ ထမနဲထိုးခြင်းကို ကြည့်ရှုအားပေးခဲ့ကြပြီး ထမနဲထိုးပွဲတွင် ပါဝင်သူများအား ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ပြည်နယ်အစီအစဉ်ဖြင့် ကာကွယ်ရေးလုပ်ငန်းစီမံကိန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ဧရာဝတီမြစ်ရေစီးရေလာကောင်းမွန်ရေးအတွက် သဲသောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ဗလမင်းထင်တံတားအောက်ဘက် စီတာပူသဲသောင်ခုံအား လုပ်ငန်းရှင်များက စက်ယန္တရားကြီးများဖြင့် တူးဖော်ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများနှင့် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဓိက မြို့ရေကြီးရေလျှံမှုမှ ကာကွယ်ရေးဖြစ်သည့်အတွက် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သတ်မှတ်ထားသည့်အတိုင်း အလျား ၄၂၀၀ ပေ၊ အကျယ် (၁၃၅)ပေနှင့် အနက်ရေစစ်မျဉ်းအောက် (၂)မီတာ ပြည့်မီအောင် အချိန်နှင့်တစ်ပြေးညီ သတ်မှတ်ဒီဇိုင်းနှင့်အညီ တူးလိုင်းရရှိရေး၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ တူးဖော်ရှင်းလင်းနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။


