မြစ်ကြီးနားမြိူ့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားအား ယခင်နှစ်များနှင့်မတူ အထူးစည်ကားသိုက်မြှိုက်စွာ ကျင်းပသွားမည်

မြစ်ကြီးနား     ဇန်နဝါရီ ၇

          ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့၌ သဝဏ်လွှာဖတ်ပွဲ၊ မနောအကဖြင့် စုပေါင်းဆင်နွှဲခြင်း၊ MSME ပြခန်းများ ခင်းကျင်းပြသခြင်း၊ ဂုဏ်ထူးဆောင်ဆုတံဆိပ်၊ ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားများအပြင် ရိုးရာလက်‌ဝှေ့စိန်ခေါ်ပွဲ၊ Polytechnic University ဖွင့်ပွဲ အခမ်းအနားများဖြင့် ယခင်နှစ်များနှင့်မတူ အထူးစည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည့် ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့အသီးသီးမှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဇန်နဝါရီ  ၉ ရက်နေ့တွင် အောင်နိုင်ခြင်း မနောအကဖွင့်ပွဲကို အတူတကွ စုပေါင်းဆင်နွှဲသွားမည်ဖြစ်ကာ Polytechnic University (Myitkyina) ဖွင့်ပွဲအခမ်းအနားကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အပြင် ဇန်နဝါရီ ၈ ရက်နေ့ ၉ ရက်တို့တွင် ရိုးရာလက်ဝှေ့ပြိုင်ပွဲကို တွဲဆိုင်း (၃၀)ခန့်ဖြင့် ကျင်းပပြုလုပ်သွားမည်ကြောင်း ဆွေးနွေးခဲ့ကြသည်။

          ထို့အပြင် ဇန်နဝါရီ ၁၀ ရက်နေ့တွင် နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေး ချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့လာသည့် ပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့်အတူ ရိုးရာမနောပွဲတော်ကို ဖွင့်လှစ်၍ အတူတကွ စုပေါင်းဆင်နွှဲခြင်း၊ ဒေသထွက်ကုန် MSME ပြခန်းများ ဖွင့်လှစ်ပြသခြင်းတို့အပြင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း စုစုပေါင်း ၇၀၀ ကျော်တို့အား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားများအပြင် ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့သိုင်းစွမ်းရည်ပြိုင်ပွဲအပါအဝင် ဘောလုံး၊ ဖူဆယ်၊ လက်ဝှေ့၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ကြက်တောင် စသည့် အားကစားနည်း ၁၀ နည်းကိုလည်း ထည့်သွင်းကျင်းပပြုလုပ်နိုင်ရေး သိရသည်။