ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ခေါင်းဆောင်များနှင့်တွေ့ဆုံ၍ မြစ်ကြီးနားမြို့ ၌ ကျင်းပပြုလုပ်သွားမည့် ၂၀၂၅ ခုနှစ်၊ ရိုးရာကောက်သစ်စား(အင်လုံအင်နန်ရှား)ပွဲတော်နှင့် လူမျိုးပေါင်းစုံ ယဉ်ကျေးမှုဖလှယ်ပွဲ အခမ်းအနားများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ကျင်းပရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ရိုးရာကောက်သစ်စားပွဲကို မနောကွင်း မဂျွယ်ခန်းမ၌လည်းကောင်း၊ လူမျိုးပေါင်းစုံယဉ်ကျေးမှုဖလှယ်ပွဲကို မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌လည်းကောင်း ရိုးရာယဉ်ကျေးမှုစုံလင်စွာဖြင့် အနှစ်သာရပြည့်ဝစွာ ကျင်းပပြုလုပ်သွားရမည်ဖြစ်သည့်အတွက် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးနှင့် လိုအပ်ချက်များမရှိစေရေး အလေးထားဆောင်ရွက်သွားကြရေး တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တာဝန်ရှိသူများက ပွဲတော်များကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ညှိနှိုင်းပေါင်းစပ်ပေးရမည့်ကိစ္စရပ်များနှင့် အတည်ပြုဆောင်ရွက်ရမည့် အစီအမံများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာလုပ်ငန်းဆပ်ကော်မတီအလိုက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့်မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မြို့နယ်စုပေါင်းရုံးဝင်းအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာထုတ်ပြန်နိုင်ရေး အတွက် ပြည်နယ်/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊ ကော်မရှင်အရာရှိများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များက မဲဆန္ဒရှင်များ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ သာသနာဗိမ္မာန်တော်ကြီး၌ မြို့နယ်ဗုဒ္ဓဘာသာသာသနာရေးအဖွဲ့က ကြီးမှူးကျင်းပလျက်ရှိသော အခြေခံပညာကျောင်းပေါင်းစုံ ဗုဒ္ဓဒေသနာတော်ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက သာသနာရေးဆိုင်ရာလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မြို့နယ်အဖွဲ့ဥက္ကဋ္ဌက ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြ သည်။
ထို့နောက် အောက်တိုဘာ (၂၀)ရက်နေ့မှ အောက်တိုဘာ (၃၀)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော အခြေခံပညာကျောင်းပေါင်းစုံ ဗုဒ္ဓဒေသနာတော်ရွတ်ဆိုပူဇော်ပြိုင်ပွဲမှ ဆုရဝတ်အသင်းများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဝန်ကြီးများ၏ ဇနီးများ၊ တာဝန်ရှိသူများက အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမဆုရ အမျိုးသား/ အမျိုးသမီး ဝတ်အသင်းများနှင့် အဖွဲ့ဝင်ဦးရေအများဆုံး ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ကျောင်းများအား အသီးသီးဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ အလှူငွေများထည့်ဝင်လှူဒါန်းပေးကြသည့် အလှူရှင်များအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဘောလုံးကွင်း၌ နိုဝင်ဘာ ၂ ရက်နေ့က စတင်ကျင်းပပြုလုပ်ခဲ့သော တိုင်းရင်းသားရေးရာဝန်ကြီးဖလား၊ တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲအဖြစ် ကွာတာဖိုင်နယ်ပွဲစဉ်များအဖြစ် လာချိဒ်နှင့် တိုင်းလိုင်မျိုးနွယ်စု ဘောလုံးအသင်းတို့က အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုများကို တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များမှ တာဝန်ရှိသူများ၊ ဒေသခံဘောလုံးအား ကစားဝါသနာရှင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု D လိုင်စင်နည်းပြသင်တန်းအတွက် သင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ သင်တန်းရေးရာဌာန၊ ဒါရိုက်တာ ဦးညီညီလတ်က သင်တန်းဖွင့်လှစ်ခဲ့မှု အခြေအနေများကိုလည်းကောင်း၊ ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလအောင်ကပြည်နယ်၏ဘောလုံးအားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် လက်တွဲပူးပေါင်း၍ သင်တန်းများဖွင့်လှစ်သင်ကြားပေးနေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းနည်းပြများအတွက် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်တို့ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ရာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


