ဟိန္ဒူဘာသာဝင်တို့၏ အထွဋ်အမြတ်ပွဲတော်နေ့ဖြစ်သည့် ဒီပါဝလီ မီးထွန်းပွဲတော်သို့တက်ရောက်၊ စက္ခုဒါနအဖြစ် အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းလုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက်ပေးသူများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား  အောက်တိုဘာ ၂၃

ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့နှင့်အတူ မြစ်ကြီးနားမြို့ရှိ သီရိရာမဂျာနကီဟိန္ဒူဘုရားကျောင်း၌ ကျင်းပပြုလုပ်သည့် ဟိန္ဒူဘာသာဝင်များ၏ အထွဋ်အမြတ်ပွဲတော်တစ်ခုဖြစ်သည့် ဒီပါဝလီမီးထွန်းပွဲတော်သို့ တက်ရောက်ခဲ့ကြရာ ဟိန္ဒူဘာသာဝင်များက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

          ယင်းနောက် ဘုရားကျောင်းဂေါပကအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ ဦးဆန်ဂျေူကူးမားက ၎င်းတို့၏ အထွဋ်အမြတ်ပွဲတော်သို့ တက်ရောက်အားပေးချီးမြှင့်ပေးသည့် ကချင်ပြည်နယ်အစိုးရအဖွဲ့အား ကျေးဇူးတင်ဝမ်းမြောက်ဝမ်းသာပါကြောင်းနှင့် ဒီပါဝလီနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ယခုလို ဟိန္ဒူဘာသာဝင်များ၏ အထွဋ်အမြတ်နေ့ဖြစ်သည့် ဒီပါဝလီနေ့ကို တက်ရောက်ခွင့်၊ ပါဝင်ဆင်နွှဲခွင့်ရရှိသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဘာသာတရားအမျိုးမျိုး ကွဲပြားသော်လည်း ဘာသာတရားတိုင်းသည် စစ်မှန်သောငြိမ်းချမ်းရေးနှင့် လောကပါလတရားထွန်းကားရေးကို အဓိက သွန်သင်ဆုံးမခြင်းများတွင် တူညီသောအနှစ်သာရရှိကြပါကြောင်း၊ ထို့ကြောင့် မိမိတို့ ယုံကြည်ကိုးကွယ်သော ဘာသာ တရား၏ သွန်သင်ဆုံးမမှုကို လေးစားလိုက်နာကျင့်ကြံရန် အဓိကဖြစ်ပါကြောင်း၊ အလားတူ သက်ဆိုင်ရာဘာသာအသီးသီးအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့်တကွ ကချင်ပြည်နယ်ငြိမ်းချမ်းရေး၊ မှီတင်းနေထိုင်ကြသူအားလုံးပျော်ရွှင်အေးချမ်းစွာ ပြီးပြည့်စုံသည့် လူမှုဘဝရရှိရေးကိုလည်း စိတ်အားထက်သန်စွာ ကူညီဆုတောင်းပေးကြရန် အလေးအနက်ထားမေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘုရားကျောင်းအတွင်း အထင်ကရ အဓိကနေရာကြီးများ၌ ဆီမီးထွန်းညှိပူဇော်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘုရားကျောင်းအတွက် အမှတ်တရပန်းခြင်းလက်ဆောင်နှင့် အလှူငွေကျပ်သိန်း ၃၀ ကို ပေးအပ်လှူဒါန်းခဲ့ကြကာ ဘုရားကျောင်းတာဝန်ရှိသူများ၊ ဟိန္ဒူယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဟိန္ဒူရိုးရာအကအလှများကြည့်ရှုအားပေးကာ ဟိန္ဒူလူမျိုးတို့၏ ဂုဏ်ပြုညနေစာကို ရင်းနှီးနွေးထွေးစွာ သုံးဆောင်ခဲ့ကြသည်။