အကြီးကိုကိုစာကြည့်တိုက် (၁၆) ဖွင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား အောက်တိုဘာ ၂၄

ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ နန်းကွေ့ကျေးရွာ နယ်မြေ (၆)အတွင်းရှိ မနောမြေပညာရေးစင်တာအတွင်း ဖွင့်လှစ်သည့် အကြီးကိုကို စာကြည့်တိုက် (၁၆) ဖွင့်ပွဲသို့ တက်ရောက်ရာ ကျောင်းသား/ ကျောင်းသူများနှင့် ဘင်ခရာအဖွဲ့တို့ကို ကြိုဆိုဂုဏ်ပြုကြသည်။

          ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကို စင်တာအတွင်း ကျင်းပပြုလုပ်ရာ ကျောင်းသား/ ကျောင်းသူလေးများက ဂျိမ်းဖောတိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား/ ကျောင်းသူများ စာပေကို ဖတ်ရှုလေ့လာသည့် အလေ့အထကျောင်းများ ဖြစ်ပေါ်ထွန်းကားလာစေရေး စာကြည့်တိုက်များ ပြန်လည်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ယခုလို စာကြည့်တိုက်ဖွင့်လှစ်ပေးသည့် အကြီးကိုကိုအား ကျေးဇူးတင်ရှိပါကြောင်း၊ ထို့အပြင် လူငယ်များအနေဖြင့်လည်း စာပေ၏တန်ဖိုးကိုနည်းလည်ပြီး စာပေက ရသည့်အတွေး အခေါ်အသိပညာဗဟုသုတများကို လက်တွေ့ဘဝနယ်ပယ်တွင် အသုံးပြုခြင်းဖြင့် အနာဂတ်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်လာမည်ဖြစ်ပါကြောင်း တိုက်တွန်းအားပေးပြောကြားသည်။

          ထို့နောက် စာရေးဆရာအကြီးကိုကို (ကသာ)က (၁၆)ခုမြောက် စာကြည့်တိုက်ဖွင့်လှစ်နိုင်ရေး မနောမြေပညာရေးစင်တာမှ အရှင်ဘဒ္ဒန္တဝါသေဋ္ဌ၏ မိန့်မှာကြားမှုအပေါ် လှူဒါန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က မနောမြေပညာရေးစင်တာမှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် (၃)ဘာသာဂုဏ်ထူးနှင့် (၂)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသူနှစ်ဦးတို့အား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၀)သိန်းကိုလည်းကောင်း၊ စာကြည့်တိုက်ဖြစ်မြောက်အောင်မြင်ရေးအတွက် ထောက်ပံ့ချီးမြှင့်ငွေကျပ် (၁၅)သိန်းကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ရာ ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌက ကျေးဇူးတင်ဝမ်းမြောက်ကြောင်းစကားပြန်လည် မြွက်ကြားခဲ့သည်။

          ထို့နောက် အကြီးကိုကို စာကြည့်တိုက် (၁၆)ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် အကြီးကိုကို (ကသာ)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စာကြည့်တိုက်အတွင်း လှူဒါန်းထည့်သွင်းထားသည့် သုတ/ရသ စာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှုခဲ့စစ်ဆေးခဲ့ကြကြောင်း သိရသည်။